ကျုံပျော်မြို့နယ်၊ လှေဆွဲကျေးရွာအနီး၌ အကြမ်းဖက်သူများက လုံခြုံရေးတပ်ဖွဲ့ဝင် များအား အကြမ်းဖက်တိုက်ခိုက်ခဲ့သဖြင့် ဖြိုခွဲထိန်းသိမ်းစဉ် အကြမ်းဖက်သူ ၂ ဦး အား လက်လုပ်သေနတ်များ၊ အကြမ်းဖက်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် - ၅

နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဉပဒေစိုးမိုးရေးကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် သွေးထိုးလှုံဆော်နေသူများနှင့် အကြမ်းဖက်လုပ်ဆောင်နေသူများ အား လုံခြုံရေးတပ်ဖွဲ့ဝင်များ က စုံစမ်း ဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိစဉ် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ဇရစ်ရိုးကျေးရွာအုပ်စု၊ လှေဆွဲကျေးရွာနေ ဦးကျေး အား လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ရန်အတွက် နေအိမ်သို့သွားရောက်ခေါ်ဆောင်ပြီး  ပြန်လည်ထွက်ခွာလာစဉ် ကျေးရွာအထွက် ငှက်ပျောတောအနီးသို့ အရောက်၌ အကြမ်းဖက်သူများက လက်လုပ်သေနတ်များ၊  Gas သေနတ်များ၊ ဂျင်ကလိများဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအား ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်ဖြိုခွဲခဲ့သည်။

အဆိုပါပစ်ခတ်ဖြိုခွဲရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဖြစ်စဉ်နေရာ၌ အကြမ်းဖက်ရာတွင် အသုံးပြုသည့် Gas သေနတ် ၆ လက်၊  အကြမ်းဖက်သူအလောင်း ၃ လောင်းနှင့်အတူ အကြမ်းဖက်သူ ၂ ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား ထပ်မံဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ထွက်ပြေးလွတ်မြောက်သွားသူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်စဉ် နံနက် ၁၁ နာရီခန့်တွင်  ကမ်းနားညောင်ဇိုင်ကျေးရွာအနီးသို့ အရောက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်အား အကြမ်းဖက် သူများက ဒေသန္တရလက်လုပ်မိုင်း ၁ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မော်တော် ယာဉ် အနည်းငယ်ပျက်စီးသွားခဲ့သည်။

အဆိုပါ ထွက်ပြေးလွတ်မြောက်နေသည့် အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ  ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။