ကြက်သွန်နီအသစ်ပေါ်ချိန်တွင် တရုတ်နိုင်ငံမှ အများအပြား ဝယ်ယူနိုင်ခြေရှိကြောင်း ကုန်သည်များ ခန့်မှန်း

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်၊ မြစ်သား၊ ကူမဲ၊ ဝမ်းတွင်း စသည့်ဒေသများ၌ ယခုလအတွင်း ကြက်သွန်နီအသစ်များ စတင်ထွက်ပေါ်နေပြီဖြစ်ရာ စတင်ထွက်ပေါ်ချိန်တွင် တရုတ်နိုင်ငံမှ အများအပြား ဝယ်ယူနိုင်ကြောင်း မန္တလေးမြို့ရှိ ကြက်သွန်ပွဲရုံများမှ သိရသည်။

''ကြက်သွန်နီအသစ်တွေက စိုက်စရိတ်နဲ့တွက်ရင် လက်ကျန် နွေကြက်သွန်နီဈေးနဲ့ မယှဉ်နိုင်တော့  ဈေးကွက်ထဲမှာ မရောင်းသေးဘူး။ အခင်းထဲမှာပဲ ထားတာ များနေသေးတယ်။   ကြက်သွန်နီ အဟောင်းရော အသစ်ပါ  ဈေးကွက် ပျက်နေသေးတယ်။

အခု ကြက်သွန်နီအသစ်ကို တရုတ်နိုင်ငံက   လက်ရှိပေါက်ဈေးနဲ့ ဝယ်နေတယ်။

တောင်သူတွေ  မရောင်းသေးတဲ့အတွက် ဈေးကွက်စောင့်ကြည့်နေတာပါ။ တရုတ်နိုင်ငံကလည်း  သူတို့ဆီမှာ စိုက်တဲ့ကြက်သွန်နီကို  ဖိလစ်ပိုင်နိုင်ငံကို ရောင်းတယ်။

မြန်မာနိုင်ငံက ထွက်ရှိတဲ့    ကြက်သွန်နီအသစ်ကို   မုန်တိုင်းအန္တရာယ် ခံနေရလို့ လိုအပ်ချက်ရှိနေတဲ့   ဗီယက်နမ်နိုင်ငံကို တင်ပို့မှာဖြစ်တဲ့အတွက် ကြက်သွန်အသစ် ဝယ်လိုအားရှိနေတယ်'' ဟု မန္တလေးမြို့မှ ရွှေမန်းလှ ကြက်သွန်ပွဲရုံပိုင်ရှင် ဦးဝင်းမြင့်ကပြောသည်။

ယခုလတွင် ထွက်ပေါ်လာသည့် ကြက်သွန်နီများမှာ လက်ကျန်  နွေကြက်သွန် ရှိနေသည့်အတွက် ဈေးကွက်အတွင်းသို့   မရောက်ရှိနိုင်သေးကြောင်း သိရသည်။

လက်ရှိတွင် ကြက်သွန်နီ အဟောင်းဈေးမှာ တောင်သူဈေး တစ်ပိဿာလျှင် ငွေကျပ် ၂၅ဝ မှ ၃ဝဝ အထိကျဆင်းနေကြောင်း သိရသည်။

ထို့ကြောင့် တစ်ပိဿာလျှင် စိုက်စရိတ် ငွေကျပ် ၄ဝဝ မှ ၅ဝဝ ကြားရှိသည့် ကြက်သွန်နီအသစ်များမှာ အဟောင်းဈေးနှုန်းနှင့် မယှဉ်ပြိုင်နိုင်သည့်အတွက်  ဈေးကွက်အတွင်း   မဝင်ရောက်နိုင်သေးခြင်းဖြစ်ကြောင်း သိရသည်။