ကွမ်းသီးအထွက်နှုန်း မနှစ်ကထက် တစ်ဝက်ခန့်နည်းပါး

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် ရာသီဥတု ဖောက်ပြန်မှုကြောင့် ကွမ်းသီးပေါ်ချိန်ကာလတွင် မနှစ်ကထက် တစ်ဝက်ခန့်  အထွက်နှုန်း နည်းပါးနေကြောင်း ကွမ်းသီးခြံ လုပ်ကိုင်သူများထံမှ သိရသည်။

''မနှစ်က   ကွမ်းသီးပင်တစ်ပင်ကို အနည်းဆုံး နှစ်ခိုင်သုံးခိုင်လောက် ခူးဆွတ်ရပြီး ပိဿာချိန် တစ်သောင်းနီးပါးလောက် ရောင်းချရတယ်။ ဒီနှစ်မှာတော့ နေအပူရှိန်တအားပြင်းပြီး မိုးကမရွာတော့ အသီးအကင်းနဲ့ အပွင့်ခိုင်တွေက ခြောက်ပြီး    ကြွေကျကုန်တော့ မနှစ်ကထက် အထွက်နည်းပြီး အခုဆိုရင် ပိဿာချိန်  လေးငါးထောင်လောက်ပဲ ရမယ်ထင်တယ်။ တစ်ဝက်လောက် အထွက်နှုန်း နည်းသွားတယ်''ဟု ကွမ်းသီးခြံပိုင်ရှင် တစ်ဦးကပြောသည်။ လက်ရှိ ကွမ်းသီးပေါ်ချိန်တွင် ပေါက်ဈေးမှာ အခြောက်ပါကင် တစ်ပိဿာလျှင် ငွေကျပ်  ၂၃ဝဝ၊ အစိုတစ်လုံးလျှင် ငွေကျပ် ၁ဝ၊  လက်ရှိဈေးမှာ တစ်ပိဿာလျှင် ငွေကျပ် ၃၅ဝဝ၊ ၄ဝဝဝ နှင့် အစိုတစ်လုံးလျှင် ငွေကျပ် ၁၈ ကျပ်ဖြင့် ဝယ်ယူရကြောင်း ကလိန်အောင်မြို့ ကွမ်းသီးအရောင်းအဝယ် လုပ်ကိုင်သူထံမှ  သိရသည်။