ခန်းလုံးပြည့် အသံထွက်စနစ်နဲ့ Acer Halo စမတ်စပီကာ

Acer Halo စမတ်စပီကာတဲ့။ ပုံစံလေးကတော့ သေးသေးလေးပါပဲ။ ဒါပေမဲ့သူ့ရဲ့ အရည်အချင်းကိုတော့ လျှော့တွက်လို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့  ၃၆ဝ ဒီဂရီ ပတ်လည်အသံ ထုတ်ပေးနိုင်တဲ့အတွက် ခန်းလုံးပြည့် အသံထွက်စနစ်ကို ရရှိစေလို့ပဲဖြစ်ပါတယ်။

စမတ်စပီကာဆိုတဲ့အတိုင်း  ဂူဂဲလက်ထောက်နဲ့လည်း ချိတ်ဆက် အသုံးပြုနိုင်တာကြောင့်  စမတ်ဖြစ်တဲ့ အိမ်အတွက်တော့ ပြည့်စုံစေမှာ အမှန်ပါပဲ။

သူ့မှာ မိုက်ခရိုဖုန်းနှစ်လုံး တပ်ပေးထားတယ်။ တစ်ခုနဲ့တစ်ခုက ကျောချင်း ကပ်ထားတာပါ။ ဒီအတွက်ကြောင့် အသုံးပြု သူက သူ့ကိုစကားပြောတာလား၊ ပတ်ဝန်းကျင်ရဲ့ဆူညံသံလား ဆိုတာကို ခွဲခြားသိရှိနိုင်ပြီး စိတ်ကျေနပ်မှု အပြည့်ပေးနိုင်မယ်လို့ဆိုပါတယ်။

မီးဖိုချောင်ထဲမှာဆိုရင်လည်း ဟင်းချက်ဖို့အတွက်ကြာချိန်ကို သတ်မှတ်ပေးထားနိုင်သလို၊ မိုးလေဝသအခြေအနေကိုလည်း နားထောင်နိုင်ပါတယ်။ စပီကာရဲ့အောက်ဘက်မှာ   ရောင်စုံမီးလေးတွေ ပါဝင်တာကြောင့် ဖွင့်ထားတဲ့ သီချင်းသံနဲ့အတူ မီးလေးတွေ ကခုန်ပေါက်နေပါလိမ့်မယ်။

ဒါ့အပြင်  ချည်ထည်နဲ့ဖန်တီးထားတဲ့ စပီကာအပြင်ပန်းမှာ LED  မီးလေးတွေနဲ့ အချက်ပြမှုစနစ်ကို ဖန်တီးပေးထားတာ ကြောင့် မိုးခြိမ်းသံလို၊  ခေါင်းလောင်းမြည်သံလို အစရှိတဲ့ အခြေအနေတွေ အကြောင်းကို အိုင်ကွန်ပုံစံလေးတွေနဲ့ ဖော်ပြပေးဦးမှာပါ။