ချင်းပြည်နယ်ရှိ မြို့နယ်အချို့၌ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များက လုံခြုံရေးတပ်ဖွဲ့စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်၊ တူမီးသေနတ်များဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်

နေပြည်တော်၊ မေ ၁၇
ချင်းပြည်နယ်ရှိ မြို့နယ်အချို့၌ လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့များက လုံခြုံရေးတပ်ဖွဲ့စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်၊ တူမီးသေနတ်များဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၁၆ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် ချင်းပြည်နယ်၊ တီးတိန်မြို့၊ လေးလုံးရပ်ကွက်ရှိ မြို့ဝင်"ကြိုဆိုပါ၏" ဆိုင်းဘုတ်အနီး၌ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကိုင်သောင်းကျန်းသူ အင်အား (၃၀)ဦးခန့်မှ တောင်ကုန်းပေါ်မှနေ၍ လက်နက်ငယ်၊ တူမီးသေနတ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ည ၉ နာရီ ၁၅ မိနစ်အချိန်တွင် အဆိုပါလက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များမှာ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ထိတွေ့မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်(၄)ဦးတွင် မျက်ခုံး၊ ယာလက်မောင်း၊ ဝဲခြေသလုံးတို့တွင် ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးဝါးကုသမှုခံယူနိုင်ရေး တီးတိန်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ ည ၈ နာရီ ၅၀ မိနစ်အချိန်တွင် မင်းတပ်မြို့ရှိ နယ်မြေခံတပ်၊ တပ်ဂိတ်နှင့် အနောက်ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား လက်နက်ကိုင်သောင်းကျန်းသူများမှ လက်နက်ငယ်၊ တူမီးသေနတ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ ပစ်ခတ်ခဲ့ရာ သောင်းကျန်းသူများမှာ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ထိတွေ့မှု ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
အလားတူ ည ၉ နာရီ ၅၀ မိနစ်အချိန်တွင် ကန်ပက်လက်မြို့၊ မြို့မ(၂)ရပ်ကွက်ရှိ မြို့မ ရဲစခန်းအား လက်နက်ကိုင်သောင်းကျန်းသူများက ရဲစခန်း၏ အရှေ့ မြောက်ဘက် ကိုက် ၃၀၀ ခန့်အကွာ လက်ဖက်ခင်းဘက်မှလည်းကောင်း၊ ည ၁၁ နာရီ ၁၀ မိနစ်အချိန် ခန့်တွင် ရဲစခန်း၏ အရှေ့မြောက်ဘက် ကိုက် ၂၀၀ ခန့်အကွာမှလည်းကောင်း လက်နက်ငယ်၊ တူမီး သေနတ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်ခုခံပစ်ခတ် ခဲ့ရာ အဆိုပါလက်နက်ကိုင်သောင်းကျန်းသူများမှာ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ထိတွေ့မှုဖြစ်စဉ်များ အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သတင်းရရှိသည်။