ချင်းပြည်နယ် ထန်တလန်ရာပြည့်နှစ်ခြင်း ခရစ်ယာန် အသင်းတော် သင်းအုပ်ဆရာ ပါစတာကျုံးဗျက်ဟုမ်း သေဆုံးမှုနှင့် ပတ်သက်၍ ဖြစ်စဉ်အမှန်အား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်း ဖြေကြား

ချင်းပြည်နယ် ထန်တလန်ရာပြည့်နှစ်ခြင်း ခရစ်ယာန် အသင်းတော် သင်းအုပ်ဆရာ ပါစတာကျုံးဗျက်ဟုမ်း သေဆုံးမှုနှင့် ပတ်သက်၍ ဖြစ်စဉ်အမှန်အား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်း ဖြေကြား

နေပြည်တော်  စက်တင်ဘာ  ၂၁

ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် စက်တင်ဘာလ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့ သည့် ပစ်ခတ်မှုဖြစ်စဉ်တွင် ထန်တလန် ရာပြည့်နှစ်ခြင်း ခရစ်ယာန် အသင်းတော် သင်းအုပ်ဆရာ   ပါစတာကျုံးဗျက်ဟုမ်း သေဆုံးခဲ့မှုနှင့် ပတ်သက်၍ လူမှုကွန်ရက် တွင် သတင်းမှားများ ပျံ့နှံ့နေမှုအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ် ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်း ထွန်းက   ဖြစ်စဉ်အမှန်အား   ယခုကဲ့သို့ ရှင်းလင်းဖြေကြားထားပါသည်-

ဒီသတင်းကတော့ မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး မဟုတ်မမှန် သတင်းများ ထုတ်လွှင့်ပေးနေတဲ့   ပြည်ဖျက်မီဒီယာအချို့မှာပါ ထုတ်လွှင့်နေတာကို တွေ့ရပါတယ်။ ထုံးစံ အတိုင်း စက်တင်ဘာလ ၁၉ ရက်နေ့မှာ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမ ကျေးရွာမှာ မီးရှို့တယ်ဆိုတဲ့ ကိစ္စတွေစသဖြင့် မဟုတ်မမှန် သတင်းတွေ ထုတ်လွှင့်နေကျ ဖြစ်တဲ့ ခေတ်သစ်မီဒီယာက နေပြီး စတင် ထုတ်လွှင့်ခဲ့တာကို တွေ့ရပါတယ်။ ဒီသတင်းမှာတော့ ထန်တလန်မြို့မှာ ၁၈ ရက်နေ့က တိုက်ပွဲဖြစ်ပြီး ခရစ်ယာန်အသင်းတော်က သင်းအုပ်ဆရာ    ပါစတာကျုံးဗျက်ဟုမ်းနဲ့ ပတ်သက်၍ တပ်မတော်ကပစ်တဲ့ ကျည်ထိမှန် သေဆုံးသွားတယ်ဆိုတဲ့ ကိစ္စတွေ ဒါတွေကို ထုတ်လွှင့်ခဲ့တာကို  တွေ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြစ်စဉ်အမှန်ကတော့ စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီနဲ့ ၄ နာရီခွဲလောက်မှာ   နယ်မြေလုံခြုံရေး တာဝန်ယူနေတဲ့ အဖွဲ့တွေက ထန်တလန်မြို့မှာ  လှည့်ကင်း ဆောင်ရွက်ခဲ့ပါတယ်။

ဒီလိုဆောင်ရွက်ခဲ့ရာ   ထန်တလန်မြို့၊ အမှတ်   (၁)   ရပ်ကွက်ကို ရောက်ရှိနေတဲ့  အချိန်မှာ  PDF  အမည်ခံအကြမ်းဖက် သောင်းကြမ်းသူအင်အား ၁ဝဝ လောက်က မြို့ထဲ၊ ရပ်ကွက်ထဲ၊ အိမ်တွေထဲကနေပြီး စောင့်ကြို တိုက်ခိုက်တာတွေ  ပြုလုပ်ခဲ့ပြီး အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီလိုဖြစ်ပွားပြီးခဲ့တဲ့ အချိန်မှာပဲ အကြောင်းရင်း စိစစ်လိုက်တဲ့အခါ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။ နေအိမ် ၂ဝ လုံးနဲ့   ဆောက်လုပ်ရေး ဦးစီးဌာနပိုင်  လမ်းဦးစီးရိပ်သာ    သုံးထပ်အဆောက်အအုံ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဲ့ဒီမီးလောင်မှု ဖြစ်ပွားတဲ့နေရာကို ထန်တလန်မြို့၊ အမှတ် (၂)ရပ်ကွက်မှာ နေထိုင်တဲ့    ထန်တလန်ရာပြည့်   နှစ်ခြင်းအသင်းတော်က သင်းအုပ်ဆရာ ပါစတာ ကျုံးဗျက်ဟုမ်းက  သူ့အိမ်ကနေ ဆိုင်ကယ်နဲ့ ထွက်ခွာပြီး  အမှတ်  (၂)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း   ထားထားဆေးဆိုင် အနီးရောက်ရှိစဉ်မှာ   ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ စတင်တိုက်ပွဲဖြစ်ပွားတဲ့ အချိန်က ညနေ ၄ နာရီကနေ ၄ နာရီ ၂၅ အထိ ဖြစ်ပါတယ်။   သူကျည်ထိမှန် သေဆုံးတဲ့အချိန်က ညနေ  ၆  နာရီဖြစ်ပါတယ်။ သူ့ကိုတော့ စက်တင်ဘာလ ၁၉ ရက်နေ့ ၁၂ နာရီမှာ ထန်တလန်အမှတ်(၂)ရပ်ကွက် ထန်တလန်

သင်္ချိုင်းမှာ ခရစ်ယာန် ဘာသာရေးဆရာများ ဦးစီးပြီး ဂူသွင်းသင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဖြစ်ပွားပြီး နောက်ပိုင်းမှာ ခုနက ပြောတဲ့ မဟုတ်မမှန်သတင်းတွေ ထွက်လာတာပဲဖြစ်ပါတယ်။ ဖြစ်စဉ်အမှန်ကတော့ ယခုအတိုင်းပဲ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၈  ရက်နေ့ ထန်တလန်မြို့တွင် ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေက ထန်တလန်မြို့အတွင်းမှာ ရှိတဲ့ လူနေအိမ်တွေကို အကာအကွယ်ယူပြီးတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ ဒီကျည်ထိမှန် သေဆုံးခြင်းနှင့် ပတ်သက်ပြီး   ထပ်မံစုံစမ်း စစ်ဆေးလျက်ရှိပါတယ်။ ဒီနေရာမှာ တပ်မတော်က ပစ်ခတ်တယ်ဆိုပြီး  တစ်ဖက်သတ် စွပ်စွဲတာတွေ ပြီးရင် လက်စွပ်တွေယူသွားတယ်၊ နာရီတွေ ယူသွားတယ်ဆိုတဲ့    မဟုတ်မမှန် သတင်းတွေ ထုတ်လွှင့်နေတာတွေ   တွေ့ရပါတယ်။ ဒီထုတ်လွှင့်ချက်တွေနဲ့အတူ ချင်းပြည်နယ်၊ ချင်းခရစ်ယာန် အဖွဲ့ချုပ်က စက်တင်ဘာလ ၁၉ ရက်နေ့ ရက်စွဲနဲ့လည်း သဘောထား ထုတ်ပြန်ခဲ့တဲ့ အကြောင်းအရာတွေ တွေ့ရတယ်။ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBCကလည်း သူတို့ရဲ့ သဘောထား ထုတ်ပြန်ချက်တွေကို ထုတ်နေတာကိုလည်း တွေ့ရပါတယ်။  အဲ့ဒီအထဲမှာတော့  ကျွန်တော်ပြောခဲ့တဲ့ သတ်ဖြတ်ခံရတာတွေ၊ ဘာသာရေး အဆောက်အအုံကို ပျက်စီးစေခြင်းတို့ ဒီလိုမျိုးစွပ်စွဲချက်တွေ စွပ်စွဲထားတာ တွေ့ရပါတယ်။ သင်းအုပ်ဆရာ သေဆုံးသွားခြင်းကတော့ ခုနကပြောခဲ့တဲ့ အကြောင်းအရာတွေကြောင့် ဖြစ်ပါတယ်။     ဒီနေရာမှာ ကျွန်တော်ပြောချင်တာက NUG ၊ CRPH အကြမ်းဖက်အဖွဲ့တွေအနေနဲ့ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ  မငြိမ်မသက်ဖြစ်အောင်၊ တည်ငြိမ်အေးချမ်းမှု ထိခိုက်အောင်အတွက် ဆောင်ရွက်လျက်ရှိတယ်။ လဆန်းပိုင်း ၇ ရက်နေ့တုန်းက ပိုပြီးတော့မှ ပဋိပက္ခတွေ ဖြစ်ပွားလာအောင်   မြှောက်ပင့်ပေးတဲ့ ကြေညာချက်မျိုး ထုတ်ခဲ့တာတွေ့ရတယ်။ အဲ့ဒီနောက်ပိုင်းမှာလည်း  ချင်းပြည်နယ် အချို့နေရာတွေမှာ  မငြိမ်မသက်မှုတွေ ဖြစ်ပွားလာတာ တွေ့ရပါတယ်။ ချင်းပြည်နယ်၊ ထန်တလန်ဘက်မှာ တပ်မတော်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စခန်းတစ်ခုဖြစ်တဲ့ လုံတဲစခန်းကို အကြမ်းဖက် ၄ဝဝ လောက်နဲ့ ဝိုင်းတိုက် တဲ့ဖြစ်စဉ်မျိုးတွေ ဖြစ်ခဲ့တာကိုတွေ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီဟာနဲ့ပတ်သက်ပြီး ယခုနောက်ပိုင်းမှာ ချင်းနှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် CBC နဲ့ ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC တို့ရဲ့ ထုတ်ပြန်ချက်တွေကိုလည်း တွေ့ရပါတယ်။ ဒီထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး အဓိကပြောချင်တာရယ်၊ အဖြစ်အမှန်နဲ့ ပတ်သက်ပြီး ပြောချင်တာရယ် အဓိကကတော့ ဘာသာရေးဘက်ကို ဦးတည် နေတာကို တွေ့ရပါတယ်။ ဒါဟာ အန္တရာယ်များတဲ့ အလုပ်တစ်ခုပဲဖြစ်ပါတယ်။ ဒါတွေဟာ မလုပ်သင့်တဲ့ လုပ်ငန်းတွေပဲ  ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ  ပုဒ်မ  ၃၄  အရ လွတ်လပ်စွာ ကိုးကွယ်ဆောက်တည်နိုင်တဲ့ အခွင့်အရေးကို  အညီအမျှ ရရှိပြီးဖြစ်ပါတယ်။ ဒါ့အပြင် ဘာသာရေးနဲ့ ပတ်သက်လာလို့ရှိရင် အခြေခံဥပဒေမှာ ပုဒ်မ ၃၆၁၊ ၃၆၂၊ ၃၆၃ တို့မှာ ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ နိုင်ငံတော်သည် ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင် ရှိနေသော ကိုးကွယ်ရာ ဘာသာများအဖြစ်  အသိအမှတ်ပြုသည်လို့ ပုဒ်မ ၃၆၂ မှာပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ပုဒ်မ  ၃၆၃  မှာတော့ နိုင်ငံတော်သည် အသိအမှတ် ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်လို့ အတိအလင်း ပြဋ္ဌာန်းပြီးဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ ကိုးကွယ်ရာ ဘာသာပေါင်းစုံနှင့် ဖွဲ့စည်း တည်ဆောက်ထားတဲ့ ပြည်ထောင်စုနိုင်ငံဖြစ်ပါတယ်။ ဒီဖြစ်စဉ်တစ်ခုကို အခြေခံပြီး ဘာသာရေး သွေးခွဲမှု ပဋိပက္ခအသွင် ဖန်တီးလာတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မလုပ်ဆောင်သင့်တဲ့ လုပ်ငန်းတစ်ခုလို့ ပြောချင်ပါတယ်။ နိုင်ငံတော်အနေနဲ့ရော တပ်မတော်အနေနဲ့ ရော နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ အစိုးရအဖွဲ့မဖြစ်ခင် ကတည်းက ဘာသာပေါင်းစုံကို အားပေး တာတွေ၊ ဘာသာပေါင်းစုံနဲ့ပတ်သက်ပြီး ထောက်ပံ့ကူညီမှုတွေ ဆောင်ရွက်လျက် ရှိပါတယ်။ ဘာသာ သာသနာနဲ့ပတ်သက်ပြီး အားပေးတာတွေ၊ ဆောင်ရွက်တာတွေ လုပ်ဆောင်လျက်ရှိပါတယ်။ အဲဒီလို လုပ် ဆောင်လျက် ရှိတဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ တပ်မတော်ကာကွယ်ရေး  ဦးစီးချုပ် လက်ထက်ကတည်းက ခရီးစဉ်တွေ ဘာသာရေးဆိုင်ရာ အခမ်းအနားတွေမှာ အမြဲတမ်း တက်ရောက်တာတွေ တပ်မတော်ကနေ အားပေးကူညီတာတွေ ဆောင်ရွက်လျက်ရှိပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့လည်း တာဝန်ထမ်းဆောင်နေချိန် ကာလမှ လက်ရှိကာလအထိ နိုင်ငံအတွင်းမှာ ဒေသအနှံ့အပြားကို သွားရောက်တဲ့ အချိန်မှာ  ဘာသာရေး၊  လူမှုရေးခွဲခြားမှု မရှိဘဲ သက်ဆိုင်ရာ ဘာသာရေး    အသင်းအဖွဲ့ ခေါင်းဆောင်တွေနဲ့     တွေ့ဆုံတာတွေ၊ ကူညီထောက်ပံ့တာတွေ၊ ဆွေးနွေးတာတွေ ကိုအကြိမ်များစွာ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့အခါမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ ခရစ္စမတ် အချိန်တိုင်း ရန်ကုန်ဗိုလ်တထောင်မှာရှိတဲ့ စိန်မေရီ ကယ်သီဒြယ် ဘုရားရှိခိုးကျောင်းကို အမြဲတမ်း ရောက်ရှိပါတယ်။    ခရစ္စမတ်ပွဲတော်နေ့နဲ့ ပတ်သက်ပြီး    နှုတ်ခွန်းဆက် စကားများ အမြဲတမ်းပြောဆိုခဲ့ပါတယ်။ အဲဒီအထဲက သိမှတ်ဖွယ်ရာလေးတစ်ခုကို နိုင်ငံတော် ဝန်ကြီးချုပ်ပြောခဲ့တဲ့    မူရင်း စကားအတိုင်း ပြန်လည်ပြောချင်ပါတယ်။ ဒါကတော့ ''ကျွန်တော်တို့မြန်မာနိုင်ငံမှာ ခရစ်ယာန် ဘာသာဝင် ၃ ဒသမ ၂ သန်း ခန့်ရှိပြီး လူဦးရေရဲ့ ၆ ရာခိုင်နှုန်းခန့် ရှိပါတယ်။ မြန်မာနိုင်ငံ၏ လူဦးရေ အများဆုံး ကိုးကွယ်ရာ ဗုဒ္ဓဘာသာနှင့် အတူ ခရစ်ယာန်၊ မူဆလင်၊ ဟိန္ဒူနှင့် အခြားဘာသာဝင်များဟာ နှစ်ပေါင်းများစွာကတည်းက အချင်းချင်းစည်းလုံးညီညွတ်စွာ  အမိနိုင်ငံတော်ကြီး ကောင်းကျိုးကို ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဘာသာတရား အသီးသီးရဲ့မွန်မြတ်တဲ့ အဆုံးအမတွေအောက်မှာ ညီရင်းအစ်ကို  မောင်ရင်းနှမ စိတ်ဓာတ် အစဉ်လာကောင်းတွေနဲ့ နေထိုင်လျက်ရှိကြပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ  ပုဒ်မ  ၃၆၂၊  ၃၆၃  တို့မှာ ဘာသာရေး လွတ်လပ်ခွင့်နဲ့   ကူညီစောင့်ရှောက်မှုတို့အတွက် အာမခံပေးထားပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့်  ဘာသာရေးကို အသုံးချ

ပြီး ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသား အချင်းချင်း စည်းလုံးမှုကိုပြိုကွဲအောင် လုပ်ဆောင်နေတာတွေကို အားလုံး ဂရုပြုကြရမှာဖြစ်ပါတယ်''။ လို့ ၂ဝ၁၉ ခုနှစ်၊ ခရစ္စမတ်နေ့မှာ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။  ဒါကို အထူးဂရုပြုဖို့ လိုတယ်လို့ ပြောလိုပါတယ်။ ဒီအချိန်မှာ NUG ၊ CRPH လိုအဖွဲ့အစည်းတွေ  ပြည်ဖျက်မီဒီယာတွေ အနေနဲ့  မဟုတ်မမှန် သတင်းတွေ  ထုတ်လွှင့်နေတာဖြစ်ပါတယ်။   

တိုင်းရင်းသားလူမျိုး အချင်းချင်း စိတ်ဝမ်းကွဲ အောင် နောက်ဆုံးမှာ ဘာသာတရားအချင်းချင်းစိတ်ဝမ်းကွဲအောင် ဒါတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။ အဲဒါကြောင့် ပြည်သူများ အနေနဲ့ သတိချပ်ဖို့ ပြောလိုပါတယ်။ ကျွန်တော်တို့အနေနဲ့   ခရစ်ယာန် အသင်းတော်နှင့် ပတ်သက်ပြီး ပြောချင်တာက ကချင်ခရစ်ယာန် အသင်းတော်(KBC)နဲ့ ချင်းခရစ်ယာန် အသင်းတော်လည်း ပါပါတယ်။ ကချင်ပြည်နယ်မှာရှိတဲ့ သဘောထား ထုတ်ပြန်ခဲ့သည့်အဖွဲ့   KBCအဖွဲ့နှင့် ပတ်သက်ပြီး တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဘဝကတည်းက      တိုင်   တော်တော်ရင်းနှီးသည့် အဖွဲ့ဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်မတော်အနေနဲ့လည်း ကူညီမှုများ၊ ပံ့ပိုးမှုများ၊ ငြိမ်းချမ်းရေးအရ ဆောင်ရွက်နိုင်အောင် လုပ်ဆောင်ခဲ့သည့် အဖွဲ့အစည်းဖြစ်ပါတယ်။ သူတို့အဖွဲ့ကတော့ ၎င်းတို့၏ စိတ်ပူပန်မှုကို ပြောခြင်းဖြစ်ပါတယ်။ ဒီကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော်တို့အနေနှင့် အပြစ်တင်လိုခြင်း မရှိပါဘူး။

သို့သော်  စိတ်ပူပန်မှုဟာ မဟုတ်ဘူးဆိုတဲ့ အကြောင်းကို    ခရစ်ယာန် ဘာသာဝင်များ   သိစေချင်ပါတယ်။   (KBC)အဖွဲ့ကဆိုရင် ကချင်ပြည်နယ်အတွင်းမှာ  ကျွန်တော်တို့ မိုင်းရှင်းရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး ကူညီပေးဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် လက်ထက်ကတည်းကတိုင်   အကူအညီ တောင်းခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကလည်း တိုက်ပွဲရှောင်ပြည်သူများ မိမိနေရပ် နေထိုင်နိုင်ရန်အတွက် မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါတယ်။

အောင်မြင်မှုများလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်မှာ အကြောင်း အမျိုးမျိုးကြောင့် ပျက်စီးခဲ့သည့် ခရစ်ယာန် ဘုရားရှိခိုးကျောင်းများ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ၎င်းအပြင် နေရာများရှိသည့် ခရစ်ယာန် ဘာသာဘုရား ရှိခိုးကျောင်းများကို ပြုပြင်ပေးခြင်းများကို ကျွန်တော်တို့   တပ်မတော်အင်ဂျင်နီယာအဖွဲ့က   ဆောင်ရွက်ပေးခဲ့တာရှိပါတယ်။ ဒီအကြောင်းအရာများကိုလည်း   အချိန်အားလျော်စွာ သတင်း ထုတ်ပြန်ပေးထားခဲ့ပါတယ်။ ထိုကိစ္စများကို လုပ်ဆောင်ပေးလျက်ရှိပါတယ်။  ယခု  ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်သည့်အခါမှာ  ကျွန်တော်တို့အနေနဲ့  လူမျိုးဘာသာ လူတန်းစားခွဲခြားမှုမရှိဘဲ  တိုက်ပွဲရှောင်စခန်းများ၊ IDP camp မှာရှိသည့်ပြည်သူလူထုများ၊ ရခိုင်ပြည်နယ်မှာ ရှိသည့် ဘင်္ဂါလီလူမျိုးများကစ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း လုပ်ငန်းများ   ဆောင်ရွက်လျက်ရှိပါတယ်။  ဒါ့ပြင် EAO အဖွဲ့များကိုလည်း   ကာကွယ်ဆေး ထိုးပေးဖို့    ဆောင်ရွက်လျက်ရှိပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ဖွဲ့စည်းထားသည့်နိုင်ငံဖြစ်ပါတယ်။ ထို့အတူ တပ်မတော်သည်လည်း   တိုင်းရင်းသား လူမျိုးပေါင်းစုံ    ကိုးကွယ်ရာ ဘာသာအသီးသီးနဲ့ ဖွဲ့စည်းထားသည့်  တပ်မတော် ဖြစ်ပါတယ်။ ကျွန်တော်တို့   တပ်မတော်ထဲမှာလည်း တိုင်းရင်းသား လူမျိုးပေါင်းစုံရှိတယ်။ မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှာလည်း   တိုင်းရင်းသား လူမျိုးပေါင်းစုံရှိပါတယ်။    ကိုးကွယ်ရာ ဘာသာအသီးသီး၊ ဘာသာပေါင်းစုံနှင့် လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားပြီး ဖြစ်တယ်။ သက်ဆိုင်ရာ ဘာသာရေး အခမ်းအနားနေ့များမှာ တပ်ရင်းတပ်ဖွဲ့ကအစ သက်ဆိုင်ရာ ဘာသာဝင်များကို သူတို့ရဲ့ ဘာသာရေးနှင့် ပတ်သက်သည့်  ဘာသာရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့     ကျွန်တော်တို့ အားပေးကူညီ ထောက်ပံ့ဆောင်ရွက်နိုင်ဖို့ အမြဲတမ်း ကူညီဆောင်ရွက် ပေးပါတယ်။ ဒါကြောင့် ကျွန်တော်ပြောချင်တာက NUG ၊  CRPH အဖွဲ့များ၊ ခုနကပြောတဲ့ ပြည်ဖျက်မီဒီယာ အဖွဲ့များက ကျွန်တော်တို့နိုင်ငံ အတွင်းမှာ လူမျိုးရေးအရ   ခွဲခြားလာမှု ဖြစ်ပေါ်လာအောင်၊  ဘာသာရေးအရ  ကွဲပြားမှုများ ဖြစ်ပေါ်လာအောင် အမြဲတမ်း ဆောင်ရွက်နေမှာဖြစ်ပါတယ်။ ဒီအဖျက်လုပ်ငန်းများ

နှင့်ပတ်သက်ပြီး   ပြည်သူလူထုအနေနဲ့ တိုင်းရင်းသား ပေါင်းစုံ အနေနဲ့ ဘာသာတရား ပေါင်းစုံအနေနဲ့  လက်တွေ့ဖြစ်ပျက်နေတဲ့ အခြေအနေမှန်များ၊ ပြုလုပ်ခဲ့တဲ့ အခြေအနေမှန်များကိုကြည့်ပြီး အမှန်များကို စဉ်းစားဆင်ခြင်နိုင်ဖို့၊ ဘယ်သူခွဲခွဲဒို့မကွဲ အမြဲစည်းလုံးမည်ဆိုသည့်    ဆောင်ပုဒ်အတိုင်း ပြည်ထောင်စုကို တည်ဆောက်နိုင်ဖို့

အတွက် ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။