ချမ်းမြသာစည်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်နှင့် မကွေးမြို့တို့၌ ဆူပူအကြမ်းဖက် သူများနှင့် မသင်္ကာဖွယ်သူများအား ဖမ်းဆီးထိန်းသိမ်း

ချမ်းမြသာစည်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်နှင့် မကွေးမြို့တို့၌ ဆူပူအကြမ်းဖက် သူများနှင့် မသင်္ကာဖွယ်သူများအား ဖမ်းဆီးထိန်းသိမ်း

နေပြည်တော်၊ မတ် - ၂၁
    
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၁ လမ်းနှင့် ၁၁၁ လမ်းထောင့်၊ မြို့သစ်ရပ်ကွက်၌ မတ် ၂၀ ရက် ည ၁၀ နာရီခွဲခန့်တွင် ဆူပူအကြမ်းဖက် သူအင်အား ၁၅၀ ဦးခန့်က ပြည်သူ ၂ ဦးအား သတင်းပေးဟုစွပ်စွဲကာ ဖမ်းဆီးထားကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖြေရှင်းဆောင်ရွက်ပေးခဲ့ရာ ည ၁၁ နာရီခွဲခန့်တွင် လူစုကွဲသွားပြီး ဆူပူအကြမ်းဖက်မှုတွင် ပါဝင်သူ ၈ ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ အလားတူ ပုသိမ်ကြီးမြို့နယ်၊ အောင်မင်္ဂလာ(၁)ရပ်ကွက်အတွင်းရှိ လမ်းများအား အတားအဆီးများ ချထား၍ ပိတ်ဆို့ထားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းပေးစဉ် ဆူပူအကြမ်းဖက်သူ ၄ ဦးက တုတ်၊ ဓားများဖြင့် ရန်လိုပြုမူလာသဖြင့် အဆိုပါ ၄ ဦးအား  ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
    
ထို့အပြင် ပြင်ဦးလွင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များသည် ည ၉ နာရီခွဲခန့်တွင် ရပ်ကွက်ကြီး(၈)၊ ချယ်ရီလမ်းထောင့်၌ မသင်္ကာဖွယ် အမျိုးသားတစ်ဦးတွေ့ရှိသဖြင့်စစ်ဆေးရာ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် လှံရှည် ၁ ချောင်း၊ ဓားချွန် ၁ ချောင်းနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထို့အတူ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့အတွင်းလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မြင်သာရပ်ကွက်၊ မဲထီးလမ်းနှင့် ပြည်တော်သာလမ်းထောင့်၌ ညအချိန်မတော် စုရုံးလျက်ရှိသည့် မသင်္ကာဖွယ် အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၃ ဦးတို့ကို ခေတ္တထိန်းသိမ်းခဲ့သည်။
    
လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရန်လိုပြုမူသူများနှင့် ညအချိန်မတော် စုရုံးလျက်ရှိသည့် သူများကို လိုအပ်သည့်စစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်းနှင့် ရပ်ရွာအေးချမ်းသာယာ ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လှည့်ကင်း၊ ပတ်ကင်းများ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။