ဂိမ်းသမားတွေအတွက် Lenovo ရဲ့ အထူးထုတ်

Lenovo ကထုတ်တဲ့ Legion Pro ဆိုတာက ဂိမ်းသမားတွေ စိတ်ကြိုက်တွေ့စေမယ့် ဖုန်းတစ်လုံးပါ။  ဇူလိုင် ၃ဝ ရက် တုန်းက  ထွက်ထားတာဖြစ်ပါတယ်။

အခုထပ်မံပြီး အဲဒီဖုန်း အမျိုးအစားကိုပဲ ဂိမ်းသမားတွေ စိတ်ကြိုက်ပုံစံ တစ်မျိုးနဲ့ အထူးထုတ်လုပ်ပေးလိုက်ပြန်ပါပြီ။ အထူးထုတ်မှာ ပြောင်းလဲသွားတာကတော့ အတွင်းပိုင်းကိုဖောက်ထွင်းမြင်ရတဲ့ ပုံစံပါပဲ။

ဖုန်းရဲ့ကျောဘက်အလယ်မှာ အင်္ဂလိပ်အက္ခရာ X ပုံစံဖော်ပေးထားပါတယ်။ အဲဒီပုံစံနေရာကနေပဲ  ဖုန်းရဲ့အတွင်းပိုင်းကို ဖောက်ထွင်းမြင်နိုင်အောင် လုပ်ပေးထားတာပါ။ အစွန်နှစ်ဖက်ကိုတော့ အလုံပိတ်ထားပါတယ်။

ဂိမ်းသမားတွေအတွက် ဖုန်းဖြစ်တာကြောင့် သာမန်ဖုန်းတွေလို ဖုန်းကိုဒေါင်လိုက်ထားတဲ့ ပုံစံနဲ့မြင်ကြည့်လို့မရပါဘူး။ အလျားလိုက်ထားတဲ့ ပုံစံနဲ့မြင်ကြည့်မှသာရပါလိမ့်မယ်။

ဒီတော့ ကင်မရာကလည်း အပေါ်ဘက်မှာ ရှိမနေပါဘူး။ ဘေးဘက်မှာပါ။ ဒါ့အပြင် ကင်မရာက အပေါ်ကိုတက်လာတဲ့ ပုံစံနဲ့ တည်ဆောက်ထားတာဖြစ်တဲ့အတွက် အခုလိုဖောက်ထွင်းမြင်ရတဲ့ ပုံစံမှာတော့ ကင်မရာအဖွင့်အပိတ်ရဲ့ အတွင်းပိုင်း အလုပ်လုပ်ဆောင်ပုံတွေကို အရှင်းသားမြင်တွေ့ရမှာဖြစ်ပါတယ်။

ကျန်တဲ့ပါဝင်မှုတွေကတော့ ပြောင်းလဲသွားခြင်း မရှိပါဘူး။ ဘက်ထရီဆိုရင် 5000mAH၊ မမ်မိုရီပိုင်းဆိုရင်  128GB ကနေ 512GB အထိရှိတယ်။ RAM ကတော့ 8GB နဲ့ 16GB ဆိုပြီး နှစ်မျိုး ခွဲထားပေးပါတယ်။

ဒါပေမဲ့ အထူးထုတ်ဖုန်းကို ဘယ်နေ့မှာ စတင်ရောင်းချပေးမယ် ဆိုတာကိုတော့ Lenovoက ထုတ်ပြန်ကြေညာထားခြင်း မရှိပါဘူး။  သို့သော်လည်း  နိုဝင်ဘာ ၁၁ ရက်မှာ   စတင်ရောင်းချ ပေးနိုင်တယ်လို့တော့ တချို့က ခန့်မှန်းထားကြပါတယ်။