ဂျကာတာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးသူများကို ရူပီးယားငါးသန်းအထိ ဒဏ်ငွေချမှတ်မည်

ဂျကာတာ၊ ကျန်းမာရေး

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်ရှိ ဒေသခံပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မဖြစ်မနေထိုးရမည်ဖြစ်ပြီး ထိုသို့ထိုးနှံမှုကိုငြင်းဆိုပါက ရူပီးယားငါးသန်း (မြန်မာငွေကျပ် ငါးသိန်းကျော်) အထိ  ဒဏ်ငွေချမှတ်ခံရမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ ဒဏ်ငွေချမှတ်မှုသည် ပြည်သူများအနေဖြင့် မဖြစ်မနေကာကွယ်ဆေးထိုးရမည်ဟူသော ပြဋ္ဌာန်းချက် ကို လက်ခံစေရေးအတွက် ရည်ရွယ်ကြောင်း သိရသည်။ မြို့တော်တာဝန်ရှိသူများအနေဖြင့် အစိုးရ၏ ပြဋ္ဌာန်းချက်များကိုလိုက်နာခြင်းဖြစ်ပြီး အရေးယူမှုသည်လည်း ဂျကာတာ၌ နောက်ဆုံးကျင့်သုံးသည့် ပုံစံသာဖြစ်ကြောင်း မြို့တော်ဒုတိယအုပ်ချုပ်ရေးမှူး အာမတ်ရီဇာပတ်ထရီယာက ပြောသည်။

အင်ဒိုနီးရှားနိုင်ငံသည် အာရှဒေသ၌ ဗိုင်းရပ်ကူးစက်မှု အဆိုးဝါးဆုံးတစ်နိုင်ငံဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွား မှုကြောင့် သေဆုံးသူ ၃၄၀၀၀ နီးပါးရှိသည်။ ထို့ကြောင့် အင်ဒိုနီးရှားအစိုးရသည် နိုင်ငံ၏လူဦးရေ သန်း ၂၇၀ အနက် ၁၈၁ ဒသမ ၅ သန်းကို ၁၅ လအတွင်း ကာကွယ်ဆေးထိုးပေးနိုင်ရန် ရည်ရွယ်ထားပြီး ကာကွယ် ဆေးထိုးအစီအစဉ်ကို ပြီးခဲ့သည့် လတွင်စတင်သည်။

နိုင်ငံအတွင်းရှိ  ကာကွယ်ဆေးထိုးရန် ငြင်းဆန်သူမည်သူမဆို လူမှုရေးဝန်ဆောင်မှု သို့မဟုတ် အစိုးရ၏ ဝန်ဆောင်မှုများကို မရရှိခြင်း သို့မဟုတ် ဒဏ်ငွေပေးဆောင်ရခြင်း စသည့်ပြစ်ဒဏ်များ ချမှတ်ခံရမည်ဖြစ် ကြောင်း အင်ဒိုနီးရှားအစိုးရက  ယခုလ အစောပိုင်းတွင် ကြေညာချက်ထုတ်ပြန်ထားသည်။

ပြစ်ဒဏ်ပေးခြင်းအပိုင်းကို ဒေသတွင်း ကျန်းမာရေးအဖွဲ့အစည်း သို့မဟုတ် ဒေသတွင်းအစိုးရက ဆုံးဖြတ် သွားမည်ဖြစ်ကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် ရောဂါကူးစက်မှုကို အမှန်တကယ် ကာကွယ်ပေးနိုင်ခြင်း  ရှိ၊ မရှိ၊ အာနိသင် ထိရောက်မှုရှိ၊ မရှိ၊ အစ္စလာမ်ဘာသာဝင်များအနေဖြင့် ဘာသာရေး အရအသုံးပြုနိုင်ခြင်းရှိ၊ မရှိတို့နှင့်ပတ်သက်၍ ပြည်သူများကြား သံသယဖြစ်ပြီးနောက် ယခုကဲ့သို့ အစိုးရ၏ ကြေညာချက်ထွက်ပေါ်လာခြင်း ဖြစ်ကြောင်းသိရသည်။        

Ref: TST