ဂျက်ဘီဇော့က ကိုယ်ပိုင်ကုမ္ပဏီ ထုတ်ယာဉ်ဖြင့် ဇူလိုင်လတွင် အာကာသ ခရီးသွားမည်

အမေဇုန်ကုမ္ပဏီကို တည်ထောင်သူ  ဂျက်ဘီဇော့သည် ၎င်း၏ကိုယ်ပိုင် အာကာသ ကုမ္ပဏီဖြစ်သော ဘလူးအော်ရီဂျင် ကုမ္ပဏီထုတ် အာကာသယာဉ်ဖြင့် ဇူလိုင် ၂ဝ ရက် တွင် အာကာသ ခရီးသွားမည်ဖြစ်ကြောင်း ဇွန် ၇ ရက်၌ ပြောသည်။

ဂျက်ဘီဇော့က ၎င်းအနေဖြင့် အသက် ၅ နှစ်သားကတည်းက အာကာသခရီး သွားမည့် စိတ်ကူးရှိခဲ့ကြောင်း၊ ယခုအခါ ၎င်း၏ညီနှင့် အဆိုပါခရီးကို အမှန်တကယ် သွားတော့မည်ဖြစ်ကြောင်း အင်စတာဂရမ်တွင် ရေးထားသည်။   ဂျက်ဘီဇော့သည် ဇူလိုင် ၅ ရက်တွင် အမေဇုန် ကုမ္ပဏီဥက္ကဋ္ဌ ရာထူးမှဆင်းကာ ဘလူးအော်ရီဂျင် ကုမ္ပဏီ၏ ပထမဆုံး အာကာသခရီးတွင် လိုက်ပါရန် စီစဉ်ထားခြင်းဖြစ်သည်။

ဂျက်ဘီဇော့နည်းတူ ကုဋကြွယ်သူဌေးများ ဖြစ်သည့် အီလွန်မက်နှင့် ရစ်ချတ်ဘရန် ဆန်တို့က ကိုယ်ပိုင်အာကာသယာဉ် ကုမ္ပဏီများ တည်ထောင်ထားသော်လည်း ၎င်းတို့ သုံးဦးအနက် ဂျက်ဘီဇော့ကသာ အာကာသ ခရီးကို ပထမဆုံး သွားရမည့်သူဖြစ်သည်။

ဂျက်ဘီဇော့နှင့် အခြားသူများကို အာကာသအတွင်း ခေါ်ဆောင်သွားမည့် ဘလူးအော်ရီဂျင် အာကာသယာဉ်သည် လူလိုက်ပါခြင်း မရှိသည့် စမ်းသပ်ပျံသန်းမှုပေါင်း ၁၅ ကြိမ် လုပ်ဆောင်ထားပြီးဖြစ်သည်။

ထိုကုမ္ပဏီသည် အာကာသခရီးစဉ် လိုက်ပါမည့်သူများကို လေလံစနစ်ဖြင့်ခေါ် ခြင်းဖြစ်ကာ ဝင်ရောက်လေလံဆွဲသူ ၅၂ဝဝ ကျော်ရှိပြီး  အမြင့်ဆုံး လေလံဈေးနှုန်းကို ဖော်ပြထားခြင်း မရှိသော်လည်း  ဒုတိယ အမြင့်ဆုံး လေလံဈေးနှုန်းမှာမူ   အမေရိ ကန်ဒေါ်လာ ၂ ဒသမ ၈ သန်း ရှိကြောင်း သိရသည်။