ဂျပန်နှင့်အမေရိကန်တို့က လပတ်အာကာသစခန်းတည်ဆောက်မှုစတင်

 

ဂျပန်နှင့်အမေရိကန်တို့က   လပတ်အာကာသစခန်းတည်ဆောက်မှုကို ဇန်နဝါရီ ၁၃ ရက်တွင် တရားဝင် စတင်လိုက် ကြောင်း သိရသည်။

အဆိုပါစီမံကိန်းသည် ၂၀၂၄ ခုနှစ်တွင် လပေါ်သို့ အာကာသယာဉ်မှူးများ ပြန်လည်စေလွှတ်နိုင်ရေး လုပ်ဆောင်နေသည့် NASA ၏ စီမံကိန်းများအနက် အဓိကကျသောစီမံကိန်းတစ်ခုဖြစ်သည်။

ဂျပန်အစိုးရနှင့် NASA တို့က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကုန်တွင် လက်မှတ်ထိုးထားသည့် နားလည်မှု စာချွန်လွှာအရ လအပေါ် လေ့လာရေးအတွက်သွားမည့် အာကာသယာဉ်မှူးများ၏ ခရီးတစ်ထောက် နားရာ ထိုအာကာသစခန်းတည်ဆောက်ရေးအတွက် ဂျပန်ဘက်က နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင် မှုကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

ယခုကဲ့သို့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် ကတိကဝတ်များကြောင့် ယခုဆယ်စုနှစ်အကုန်အထိ လအပေါ်လေ့လာရေးကို စဉ်ဆက်မပြတ်လုပ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း NASA မှ အုပ်ချုပ်ရေးမှူး ဂျင်ဘရိုက်ဒန်စတင်းကပြောသည်။

နှစ်နိုင်ငံလက်မှတ်ထိုးထားသည့် သဘောတူညီချက်အရ ဂျပန်နိုင်ငံက  အာကာသစခန်းတည်ဆောက် ရေးတွင် အသက်ကယ်စနစ်နှင့် ပတ်ဝန်းကျင်ထိန်းချုပ်ရေးစနစ်၊ လေအေးပေးပစ္စည်းများနှင့်  ဘက်ထရီ များကို ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ အဆိုပါအာကာသစခန်းတွင် အာကာသယာဉ်မှူးများ အသုံးပြုမည့် လူနေခန်းများ၊ ဓာတ်ခွဲခန်းများနှင့်  ဆိုက်ကပ်ရာနေရာများ ပါဝင်သွားမည်ဖြစ်ကြောင်း   သိရသည်။

NASA ၏ အစီအစဉ်၌   ဥရောပအာကာသအေဂျင်စီနှင့် ကနေဒါအာကာသအေဂျင်စီတို့လည်း ပူးပေါင်း ပါဝင်ကာ ၂၀၂၄ ခုနှစ်တွင် လပေါ်သို့ ပထမဆုံးအမျိုးသမီးအာကာသယာဉ်မှူးတစ်ဦးနှင့် အမျိုးသား အာကာသယာဉ်မှူးတစ်ဦးတို့ကို စေလွှတ်သွားရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။