ဂျပန်၌ မှားယွင်းသောစီမံခန့်ခွဲမှုကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးပေါင်း ၇၀၀၀ ကျော်ကိုစွန့်ပစ်ရ

တိုကျို၊ ကျန်းမာရေး

ဂျပန်နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ တတိယအကျော့ကူးစက်မှုနှင့် ရင်ဆိုင်နေရစဉ်အစိုးရက ပြည်သူများကို ရောဂါကာကွယ် ဆေးများ ထိုးပေးနေသော်လည်း မှားယွင်းသောစီမံခန့်ခွဲမှုကြောင့် ကာကွယ်ဆေးအလုံးပေါင်း ၇၀၀၀ ကျော်ကို စွန့်ပစ်ခဲ့ရကြောင်း Yomiuri သတင်းစာက ဇွန် ၆ ရက်တွင် ဖော်ပြသည်။

ဆေးရုံတစ်ရုံနှင့် ကာကွယ်ဆေးထိုး ဌာနတစ်ခုအနေဖြင့် ဖိုင်ဇာကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  အလုံး ၁၀၀၀ စီကို အခန်းတွင်းအပူချိန်တွင်သာထားမိပြီး ဆေးများ သက်တမ်းကုန်သွားသည့်အတွက် စွန့်ပစ်လိုက်ရသည်။

အလားတူ တိုကျိုမြို့ရှိ ဆေးရုံလူနာဆောင်တွင်လည်း ဆေးအရည်ဖျော်မှု လက်လွန်သွားသည့်အတွက် ကာကွယ်ဆေး ၁၂ လုံးကိုစွန့်ပစ်လိုက်ရသည်။ ဒေသခံအများအပြားက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးမှုခံယူရန် စိတ်အားထက်သန်နေစဉ်  ကာကွယ်ဆေးများကို မှားယွင်းစွာစီမံခန့်ခွဲမှုကြောင့် စွန့်ပစ်လိုက်ရမှုအတွက် နောင်တရကြောင်း နိုင်ငံအနောက်တောင်ပိုင်း ဖူကူအို ကာစီရင်စုရှိ အိုမူတာအမျိုးသားဆေးရုံက ထုတ်ပြန်ချက်တစ်ရပ်တွင် တောင်းပန်ထားသည်။

ဂျပန်အစိုးရအနေဖြင့် တိုကျိုအိုလံပစ်ပြိုင်ပွဲမစတင်မီ ရက်ပေါင်း ၅၀ နီးပါးအတွင်း နိုင်ငံ့လူဦးရေ၏ ၉ ရာခိုင်နှုန်းကို အနည်းဆုံး ကာကွယ်ဆေးတစ်ကြိမ် ထိုးပေးထားပြီးဖြစ်သည်။ တိုကျိုမြို့တော်၌ ဇူလိုင် ၂၃ ရက်မှစ၍ အိုလံပစ် အားကစား ပြိုင်ပွဲများကို ကျင်းပရန် စီစဉ်ထားစဉ် အစိုးရက ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရေးကြိုးပမ်းမှုအဖြစ် မြို့တော်ရှိဒေသရှစ်ခုကို အရေးပေါ် အခြေအနေ သတ်မှတ်ထားကြောင်း သိရသည်။

Ref: Reuters