ဂျာမနီက နမီးဘီးယားနိုင်ငံကို နယ်ချဲ့ ကျူးကျော်စဉ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့ဟု ဝန်ခံ

ဂျာမနီနိုင်ငံက   နမီးဘီးယားနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်  နယ်ချဲ့ကျူးကျော် အုပ်ချုပ်စဉ်ကာလအတွင်း   လူမျိုးတုံး သတ်ဖြတ်မှုကို ကျူးလွန်ခဲ့ကြောင်း ဂျာမနီ အစိုးရက   မေ ၂၈ ရက်တွင် ပထမဆုံးဝန်ခံပြီး ယင်းနိုင်ငံ၏ ပြန်လည်ထူထောင် ရေး စီမံကိန်းများအတွက် ယူရို ၁ ဘီလီယံကျော် ထောက်ပံ့မည်ဟု ကတိပြုသည်။

နယ်ချဲ့ဂျာမနီများသည် ၁၉ဝ၄ ခုနှစ်မှ ၁၉ဝ၈ ခုနှစ်အတွင်း နမီးဘီးယားနိုင်ငံမှ ဒေသခံ ဟီရီရိုနှင့်     နာမာ မျိုးနွယ်စုဝင် ထောင်ပေါင်းများစွာကို သတ်ဖြတ်ကာ ထိုကဲ့သို့ သတ်ဖြတ်မှုသည် ၂ဝ ရာစုနှစ်၏ ပထမဆုံးသော   လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် သမိုင်းတွင်သည်။

အစောပိုင်းတွင် ဂျာမနီသည် နမီးဘီးယားနိုင်ငံအပေါ်    ရက်စက်ကြမ်းကြုတ်သော အပြုအမူများ ပြုလုပ်ခဲ့သည်ဟု ဝန်ခံထားသော်လည်း လျော်ကြေးပေးရမည့် ကိစ္စကိုမူ အကြိမ်ကြိမ်ငြင်းဆိုသည်။

ဂျာမနီက နယ်ချဲ့ကျူးကျော်သည့် ၁၈၈၄ ခုနှစ်မှ ၁၉၁၅ ခုနှစ်အတွင်း နမီးဘီးယား နိုင်ငံ၌   ကျူးလွန်ခဲ့သော ကိစ္စရပ်များနှင့် ပတ်သက်၍  နှစ်နိုင်ငံကြား ငါးနှစ်ကျော်ကြာ စေ့စပ်ညှိနှိုင်းပြီးနောက် သဘောတူညီမှု ရရှိခြင်းအပေါ် ကြိုဆိုကြောင်း   ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။

ဂျာမနီနိုင်ငံသားတို့၏ ရက်စက်မှုများအတွက် နမီးဘီးယားနိုင်ငံနှင့်  ရက်ရက်စက်စက် အသတ်ခံရသူတို့၏    သားစဉ်မြေးဆက်များကို တောင်းပန်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

နမီးဘီးယားနိုင်ငံအတွက် လျော်ကြေးကို နှစ်ပေါင်း ၃ဝ ကာလဖြင့် ပေးအပ် သွားမည်ဖြစ်ပြီး ဟီရီရိုနှင့်   နာမာမျိုးနွယ်စု များ၏ သားစဉ်မြေးဆက်များ အကျိုးခံစားခွင့် ရမည်ဖြစ်ကြောင်း သိရသည်။