ဂျာမနီပြည်သူထက်ဝက်ကျော် ကာကွယ်ဆေးအပြည့်ထိုးထားပြီးဖြစ်

ဂျာမနီပြည်သူထက်ဝက်ကျော် ကာကွယ်ဆေးအပြည့်ထိုးထားပြီးဖြစ်
ဘာလင်၊ ကျန်းမာရေး
ဂျာမနီနိုင်ငံရှိ ပြည်သူထက်ဝက်ကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပြည့်ထိုးထားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဂျန်စပန်းက ဇူလိုင် ၂၈ ရက်တွင်ပြောသည်။ကာကွယ်ဆေးအပြည့်ထိုးပြီးသည့် လူဦးရေစုစုပေါင်း ၄၁ ဒသမ ၈ သန်းရှိပြီးကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ်ထိုးပြီးသူအရေအတွက်မှာ လူဦးရေစုစုပေါင်း၏ ၆၁ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးကပြောသည်။ထို့ပြင် ကာကွယ်ဆေးထိုးနိုင်သည့်ပြည်သူအရေအတွက် ယခုထက်ပိုမိုများပြားလာပါက ဆောင်းဦးရာသီနှင့်ဆောင်းရာသီတို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့်ပတ်သက်၍ ပိုမိုစိတ်ချရမည်ဖြစ်ကြောင်း ၎င်းကတွစ်တာတွင်ရေးထားသည်။ ဂျာမနီနိုင်ငံ၏ကာကွယ်ဆေးထိုးနှုန်းသည် အစောပိုင်းလများတွင် နှေးကွေးခဲ့သော်လည်း နွေဦးကာလမှစ၍ အရှိန်အဟုန်မြင့်တက်လာခြင်းဖြစ်သည်။

သို့သော် လူထုတစ်ရပ်လုံးကိုယ်ခံအားရရှိစေရေးအတွက် အစိုးရကသတ်မှတ်ထားသော ပြည်သူ ၈၀ ရာခိုင်နှုန်းစလုံး ကာကွယ်ဆေးအပြည့်ထိုးပြီးရေးမှာ အနည်းငယ်အလှမ်းဝေးနေဆဲဖြစ်သည်။ဂျာမနီနိုင်ငံသည် ပြင်သစ်နှင့်ဂရိနိုင်ငံတို့ကဲ့သို့ အခြားသောဥရောပနိုင်ငံများနှင့်မတူဘဲ လူဦးရေတစ်စိတ်တစ်ပိုင်းအနေဖြင့် ကာကွယ်ဆေးမထိုးမနေရသတ်မှတ်ထားခြင်းမရှိသည့်နိုင်ငံဖြစ်သည်။ထို့ကြောင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးရန် ဝန်ကြီးချုပ် အိန်ဂျလာမာကယ်ကတိုက်တွန်းထားသည်။

ထို့ပြင် ထိုးလိုက်သည့်ကာကွယ်ဆေတိုင်းသည် ပြည်သူများပုံမှန်ဘဝသို့ပြန်ရောက်စေရေး ဦးတည်သည့်ခြေလှမ်းများ ဖြစ်ကြောင်း အိန်ဂျလာမာကယ်ကပြောသည်။အလားတူ ဆောင်းဦးရာသီတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုပြန်လည်မြင့်တက်လာပါက လက်ရှိတွင်ကာကွယ်ဆေးထိုးထားသူများသည် ကာကွယ်ဆေးမထိုးထားသူများထက် ပိုမိုလွတ်လပ်စွာသွားလာနိုင်မည်ဖြစ်ကြောင်း ထိပ်တန်းတာဝန်ရှိသူတစ်ဦးကပြောထားသည်။
ဂျာမနီနိုင်ငံသည် နွေရာသီတွင် အခြားဥရောပနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကျဆင်းခဲ့သော်လည်း ပြီးခဲ့သည့်သီတင်းပတ်တွင် ပျမ်းမျှအားဖြင့် လူတစ်သိန်းလျှင် ၁၅ ဦးနှုန်း ရောဂါကူးစက်သည်အထိ ပြန်လည်မြင့်တက်လာသည်။ဂျာမနီနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကူးစက်မှုများအနက်  ၈၀ ရာခိုင်နှုန်းသည် ဒယ်တာဗီဇပြောင်းရောဂါပိုးကြောင့်ဖြစ်ကြောင်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်ဟုသိရသည်။