ဂျာမနီ၏စစ်လေယာဉ်တစ်စင်းက အာဖဂန်နစ္စတန်မှ လူခုနစ်ဦးကိုသာကယ်ဆယ်သွား

ဘာလင်၊ ကယ်ဆယ်ရေး

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်တို့က နိုင်ငံကိုသိမ်းပိုက်ပြီးနောက် ဂျာမနီနိုင်ငံမှ ပထမဆုံးရောက်ရှိလာသည့် စစ်လေယာဉ် တစ်စင်းသည် လူခုနစ်ဦးကိုသာကယ်ဆယ်သွားကြောင်း ဂျာမနီအစိုးရက သြဂုတ် ၁၇ ရက်တွင် ပြောသည်။

ဂျာမနီနိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံ၌ စစ်ရေးအရပါဝင်မှုတွင် အမေရိကန်နိုင်ငံပြီးနောက် ဒုတိယမြောက် စစ်အင်အားအများဆုံး နိုင်ငံဖြစ်သည်။ ၎င်းတို့အနေဖြင့်  ဂျာမန်-အာဖဂန် နှစ်နိုင်ငံသားအဖြစ်  ခံယူထားသူများ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ ရှေ့နေများနှင့်   ပြည်ပတပ်ဖွဲ့များနှင့်အတူတူအလုပ်လုပ်ခဲ့သူများကို အာဖဂန်နစ္စတန်နိုင်ငံအတွင်းမှ ကယ်ဆယ်လိုသော်လည်း လေဆိပ်၌ ဝရုန်းသုန်းကားဖြစ်နေသည့်အတွက်   ခုနစ်ဦးကိုသာ ကယ်ဆယ်လာနိုင်ခြင်းဖြစ်ကြောင်း ဂျာမနီ ကာကွယ်ရေးဝန်ကြီး ကပြောသည်။

ဂျာမနီစစ်ဘက်မှ  A400M အမျိုးအစားသယ်ယူပို့ဆောင်ရေးလေယာဉ်သည် ကဘူးမြို့လေဆိပ်သို့ သြဂုတ် ၁၆ ရက် ညနေပိုင်းတွင် ခက်ခက်ခဲခဲဆင်းသက်နိုင်ကြောင်း၊ ထိုလေယာဉ်၏ အဓိကရည်ရွယ်ချက်မှာ ဂျာမနီစစ်သည်များကို ဘေးကင်းရာသို့   ပို့ဆောင်ပေး ရေးဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး အန်နီဂရတ်ခရမ့်ကာရန်ဘာက ပြောသည်။

ထို့ကြောင့်   လေဆိပ်တွင်စောစောစီးစီးရောက်ရှိနေသည့် ဂျာမနီနိုင်ငံသားခုနစ်ဦးကိုသာ ကယ်ဆယ်လာခြင်းဖြစ်ပြီး အာဖဂန်နစ္စတန် နိုင်ငံ အတွင်းရှိ ဂျာမနီနိုင်ငံသားအများအပြားမှာ ဂျာမနီစစ်ဘက်တပ်ဖွဲ့ဝင်များ၏ အစောင့်အရှောက်မပါဘဲ လေဆိပ်သို့ မရောက်ရှိနိုင်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် ကဘူးလေဆိပ်ကို အမေရိကန်တို့က ထိန်းချုပ်ထားခြင်းဖြစ်ပြီး ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေ သော်လည်း ကယ်ဆယ်ပေးရမည့်လူအရေအတွက်မှာ လွန်စွာများပြား နေသေးကြောင်းသိရသည်။

Ref: CNA