ဂျွန်ဆင်အန်ဂျွန်ဆင်ကုမ္ပဏီထုတ်ကာကွယ်ဆေးက ဒယ်တာဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးကို ချေမှုန်းနိုင်ဟုဆို

နယူးဘရွန်းစဝစ်၊ ကျန်းမာရေး

ဂျွန်ဆင်အန်ဂျွန်ဆင်ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးက   ကူးစက်မှုလွန်စွာလျင်မြန်သော ဒယ်တာဗီဇပြောင်းကိုဗစ်-၁၉ ရောဂါပိုးကို   ချေမှုန်းနိုင်စွမ်းရှိကြောင်းနှင့် နောက်ထပ်ရောဂါကူးစက်မှုမဖြစ်အောင်လည်း အချိန်ပိုမိုကြာမြင့်စွာ ကာကွယ်ပေးနိုင် ကြောင်း အဆိုပါကုမ္ပဏီက ထုတ်ပြန်ထားသည်။

ဂျွန်ဆင်အန်ဂျွန်ဆင်ကုမ္ပဏီထုတ် ကာကွယ်ဆေးကိုထိုးထားသူများတွင် ဒယ်တာဗီဇပြောင်းရောဂါပိုးအပါအဝင် ပြီးခဲ့သည့် ရှစ်လ အတွင်းဖြစ်ပွားသော   အခြားဗီဇပြောင်း ရောဂါပိုးများကူးစက်မှုကို   တိုက်ခိုက်နိုင်သည့် အားကောင်းသော ပဋိပစ္စည်းများ ထွက်ရှိ သည် ကိုတွေ့ရကြောင်း ကုမ္ပဏီ၏ ဇူလိုင် ၁ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ  ဒယ်တာဗီဇပြောင်းရောဂါပိုးသည် အိန္ဒိယနိုင်ငံ၌ စတင်ပေါ်ပေါက်ခြင်းဖြစ်ကာ ယခုအခါ တစ်ကမ္ဘာလုံးသို့ လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေပြီဖြစ်သည်။ယခင်က ဂျွန်ဆင်အန်ဂျွန်ဆင်ကုမ္ပဏီထုတ်ကာကွယ်ဆေးကို စမ်းသပ်ချက်များအရ ၎င်းသည် ဖိုင်ဇာနှင့် မော်ဒါနာကုမ္ပဏီထုတ်ကာကွယ်ဆေးတို့ထက် သက်ရောက်မှုအားနည်းပြီး တာရှည်ခံခြင်းမရှိသည့်အတွက် ထပ်တိုး ကာကွယ်ဆေး ထိုးရန်လိုအပ်နိုင်ကြောင်း ကျွမ်းကျင်သူများပြောထားသည်။

သို့သော် ယခုလက်ရှိစမ်းသပ်ချက်များအရ ထိုကာကွယ်ဆေးထိုးပြီးပါက ထပ်တိုးကာကွယ်ဆေးထိုးရန်မလိုကြောင်းနှင့် အမျိုးမျိုး သောဗီဇပြောင်းရောဂါပိုးများကူးစက်မှုမှ ထိရောက်စွာ ကာကွယ်နိုင်သည်ကိုတွေ့ရသောကြောင့် လွန်စွာဝမ်းသာရကြောင်း အဆိုပါ ကုမ္ပဏီမှ ဒေါက်တာဂျိုဟန်ဗန်ဟုက ပြောသည်။

ထိုကာကွယ်ဆေးသည် ပထမတစ်လုံးထိုးပြီး ၂၉ ရက်အတွင်းမှာပင် ဒယ်တာဗီဇပြောင်းရောဂါပိုးကိုတိုက်ဖျက်နိုင်ကာ အချိန်ကာလ ကြာသည်နှင့်အမျှ ရောဂါကူးစက်မှုမှကာကွယ်နိုင်စွမ်းပိုမိုမြင့်တက်လာကြောင်း ကုမ္ပဏီ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လက်ရှိအချိန်တွင် သိပ္ပံပညာရှင်များနှင့်  ကာကွယ်ဆေးထုတ်လုပ်သူများသည် ပေါ်ပေါက်နေဆဲဖြစ်သော   ဗီဇပြောင်း ရောဂါပိုးများ ကိုထိရောက်စွာတိုက်ဖျက်နိုင်ရေးအတွက် ၎င်းတို့၏ကာကွယ်ဆေးများကိုအဆင့်မြှင့်တင်ရန်ကြိုးပမ်းနေကြောင်း သိရသည်။      

Ref: Bloomberg