ငလျင်လှုပ်ပြီးနောက်အပျက်အစီးများကြားတွင် အသက်ရှင်ကျန်ရစ်သူများကို အင်ဒိုနီးရှားကယ်ဆယ် ရေးသမားများက ရှာဖွေလျက်ရှိ

 

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်း၌ အင်အားပြင်းငလျင်လှုပ်မှုကြောင့် ဒေသခံများစွာသေဆုံးခဲ့ပြီး   လူရာပေါင်းများစွာထိခိုက်ဒဏ်ရာရရှိပြီးနောက် အပျက်အစီးများကြားတွင် လူအများအပြား ပိတ်မိနေ သဖြင့် ကယ်ဆယ်ရေးသမားများက ဇန်နဝါရီ  ၁၆ရက်တွင် အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ် နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ဇန်နဝါရီ၁၅ရက် နံနက်အစောပိုင်းတွင် ပြင်းအား  ၆  ဒသမ၂  ပမာဏရှိ   ငလျင်လှုပ်ခတ်မှုကြောင့် ဒေသခံ ၄၆ ဦး ထက်မနည်းသေဆုံးခဲ့သည်။ အဆိုပါကျွန်း၌ ၂၀၁၈ ခုနှစ်တွင်လည်း ဆူနာမီလှိုင်း ရိုက်ခတ်မှုကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့သည်။

ကယ်ဆယ်ရေးသမားများသည် အနောက်ဆူလာဝေစီပြည်နယ်ရှိလူဦးရေ ၁၁၀၀၀၀ခန့်နေထိုင်သော မာမူဂျုမြို့ရှိအဆောက်အအုံအပျက်အစီးများကြားမှ ရုပ်အလောင်းအများအပြားကို တစ်ညလုံးဆွဲထုတ်ခဲ့ ရသည်။ အဆိုပါမြို့၌ ငလျင်လှုပ်ခတ်မှုကြောင့် ဆေးရုံတစ်ရုံနှင့် ဈေးဝယ်စင်တာတစ်ခုတို့ ပြိုကျ ပျက်စီးခဲ့ရသည်။

အစားအစာနှင့်   အခြားအရေးပေါ်ထောက်ပံ့ရေးပစ္စည်းများတင်ဆောင်လာသော လေယာဉ်များနှင့် သင်္ဘောများသည် ငလျင်ဒဏ်သင့်ဒေသသို့   ရောက်ရှိလာပြီး ရွှေ့ပြောင်းနိုင်သော    ဆေးကုသရေးဝန် ဆောင်မှုပါဝင်သည့် ရေတပ်မှသင်္ဘောတစ်စင်းလည်း  ရောက်ရှိနေသည်ဟုသိရသည်။

အပျက်အစီးများကြားတွင် ပျောက်ဆုံးနေသောဒေသခံအရေအတွက် အတိအကျကို အာဏာပိုင်များက ထုတ်ပြန်ထားခြင်းမရှိပေ။ ပြိုကျသွားသော ဆေးရုံအပျက်အစီးများကြားတွင် လူနာအများအပြားနှင့် ကုသရေးဝန်ထမ်းများ ပိတ်မိနိုင်ကြောင်း အာဏာပိုင်များကခန့်မှန်းထားသည်။ ထို့ပြင်    ငလျင်လှုပ်ခတ် မှုကြောင့် ဟိုတယ်တစ်ခု၏အဆောက်အအုံအစိတ်အပိုင်းအချို့နှင့် ဒေသတွင်းအစိုးရရုံးတစ်ခုလည်း  ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။