စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများက နေအိမ်အတွင်း ဖျက်ဆီးဝင်ရောက်ကာ အိမ်သားများအား အကြမ်းဖက်တိုက်ခိုက်၍ ရွှေထည်ပစ္စည်းများအား လုယက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများက နေအိမ်အတွင်း ဖျက်ဆီးဝင်ရောက်ကာ အိမ်သားများအား အကြမ်းဖက်တိုက်ခိုက်၍ ရွှေထည်ပစ္စည်းများအား လုယက်

နေပြည်တော်၊ ဩဂုတ် ၂၅
    

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများက နေအိမ်အတွင်းသို့ ဖျက်ဆီးဝင်ရောက်ကာ အိမ်အတွင်း အိပ်ပျော်နေသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ဓားဖြင့်ထိုးကာ အမျိုးသမီးဝတ်ဆင်ထားသော ရွှေလက်ကောက် ၅ ကွင်းအား လုယက်ယူဆောင်သွားကြောင်း သိရသည်။
    

ဖြစ်စဉ်မှာ ဩဂုတ်လ ၂၄ ရက်နေ့ ည ၁၁ နာရီခွဲအချိန်တွင် ကလေးမြို့၊ အောင်သစ္စာရပ်ကွက်  နေ ဦးကံမြင့်(၄၅)နှစ်၊ (ဘ) ဦးဝင်းမောင်သည် မိသားစုနှင့်အတူ နေအိမ်၌ အိပ်ပျော်နေစဉ် နေအိမ်ရှေ့ ခြံဝင်းတံခါးအပြင်ဘက်မှ အကြမ်းဖက်သူအမျိုးသား ၇ ဦးက ခြံဝင်းတံခါးအား ဖွင့်ပေးရန် အော်ဟစ်နေသဖြင့် ဦးကံမြင့််နှင့် ၎င်း၏သားဖြစ်သူ မောင်အောင်ချမ်းငြိမ်းတို့နှစ်ဦးက သွားရောက် ကြည့်ရှု့ချိန်တွင် အဆိုပါအမျိုးသား ၇ ဦးအနက် အကြမ်းဖက်သူ အမျိုးသား ၃ ဦးမှာ တူမီး သေနတ်များ ကိုယ်စီဖြင့် ခြံဝင်းတံခါးအား ကျော်တက်ဝင်ရောက်လာကာ နေအိမ်တံခါးအား ထပ်မံဖျက်ဆီးနေသည် ကို တွေ့မြင်ရသဖြင့် ဦးကံမြင့်သည် ၎င်း၏သားဖြစ်သူ မောင်အောင်ချမ်းငြိမ်းအား ခေါ်ဆောင်ကာ အသက်အန္တရာယ်ကို စိုးရိမ်ရသဖြင့် နေအိမ်အတွင်း အိပ်ပျော်နေသည့် ကျန်မိသားစုဝင်များအား နှိုးယူနိုင်ခြင်းမရှိဘဲ နေအိမ်အနောက်ဘက် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသည်။
    

ထို့နောက်အကြမ်းဖက်သောင်းကျန်းသူများသည် နေအိမ်တံခါးအား ဖျက်ဆီး၍ အိမ်အတွင်း ဝင်ရောက်လာပြီး နေအိမ်ရှေ့ခန်း၌ အိပ်ပျော်နေသည့် ဦးကံမြင့်၏သားဖြစ်သူ မောင်ကျော်ခိုင်ဝင်း (၁၈)နှစ်နှင့် နေအိမ်အိပ်ခန်းအတွင်း အိပ်ပျော်နေသည့် ဦးကံမြင့်၏ ဇနီးဖြစ်သူ ဒေါ်မြမြသန်း (၄၅)နှစ်၊ တို့အား ၎င်းတို့ထံတွင် အသင့်ယူဆောင်လာသော ဓားများဖြင့်ထိုးကာ အော်ဟစ်ပြောဆိုခြိမ်းခြောက်ပြီး ဒေါ်မြမြသန်းဝတ်ဆင်ထားသည့် ရွှေလက်ကောက် ၅ ကွင်းအား အဓမ္မဆွဲချွတ်လုယက်ယူဆောင်ကာ နေအိမ်မှ ပြန်လည်ထွက်ခွာသွားခဲ့သည်။
    

ထိုကဲ့သို့ အကြမ်းဖက်သူများ၏ ဓားဖြင့်ထိုးနှက်တိုက်ခိုက်ခဲ့မှုကြောင့် မောင်ကျော်ခိုင်ဝင်း၏ လည်ပင်းနှင့် ဝမ်းဗိုက်တို့တွင်လည်းကောင်း၊ ဒေါ်မြမြသန်း၏ ဝမ်းဗိုက်တွင်လည်းကောင်း ထိုးသွင်း  ဒဏ်ရာများ ရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုပေး လျက်ရှိပြီး အကြမ်းဖက် လုယက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။