စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ အကြမ်းဖက်သောင်းကျန်းသူများ မိုင်းထောင်ဖောက်ခွဲ၍ မီးရှို့ဖျက်ဆီးခဲ့သည့်တံတားအား သွားရောက်မီးငြိမ်းသတ်ပြီး ပြန်လည်ထွက်ခွာလာသည့် မီးသတ်ယာဉ်ကို ထပ်မံမိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ အကြမ်းဖက်သောင်းကျန်းသူများ မိုင်းထောင်ဖောက်ခွဲ၍ မီးရှို့ဖျက်ဆီးခဲ့သည့်တံတားအား သွားရောက်မီးငြိမ်းသတ်ပြီး ပြန်လည်ထွက်ခွာလာသည့် မီးသတ်ယာဉ်ကို ထပ်မံမိုင်းဆွဲတိုက်ခိုက်

နေပြည်တော်၊ ဩဂုတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ အကြမ်းဖက်သောင်းကျန်းသူများ မိုင်းထောင် ဖောက်ခွဲ၍ မီးရှို့ဖျက်ဆီးခဲ့သည့်တံတားအား သွားရောက်မီးငြိမ်းသတ်ပြီး ပြန်လည်ထွက်ခွာလာ သည့် မီးသတ်ယာဉ်ကို အကြမ်းဖက်သောင်းကျန်းသူများက ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကလေးမြို့နယ်၊ ဆည်တော်ကျေးရွာနှင့် ကြာအင်းကျေးရွာအကြားရှိ ကလေး- နတ်ချောင်းကားလမ်းပေါ်၌ ဒေသခံပြည်သူများ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် တည်ဆောက်ထားသည့် တံတားအမှတ် (၂/၁၁၇) ဘေလီကွန်ကရစ်တံတားအား ဩဂုတ်လ ၁၂ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်အချိန်တွင် အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲ ခဲ့ရာ လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိဘဲ ကလေးမြို့သို့အဝင်ဘက် တံတားချဉ်းကပ်လမ်း၏ ယာဘက် ခြမ်းရှိ မြေသားများ ချိုင့်ဝင်နိမ့်ကျသွားခဲ့သည်။
ထို့အပြင် ဩဂုတ်လ ၁၃ ရက်နံနက် ၇ နာရီ ၃၅ မိနစ်အချိန်တွင် အဆိုပါတံတားရှိ သစ်သားကြမ်းခင်း များအား အကြမ်းဖက်သောင်းကျန်းသူများက ထပ်မံ၍ မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားလျက်ရှိကြောင်း သတင်းအရ ကလေးမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ် တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ်တစ်စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီအချိန်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် တံတားကြမ်းခင်းများ မီးလောင် ပျက်စီးဆုံးရှုံးခဲ့သည်။
ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များသည် ကလေးမြို့သို့ ပြန်လည်ထွက်ခွာလာခဲ့ရာ ဇင်းကလင်း ကျေးရွာနှင့် ချင်းဆိုင်ကျေးရွာအကြားရှိ သံလမ်းကူးအနီးအရောက်၌ အကြမ်းဖက်သောင်းကျန်းသူ များက လမ်း၏ဝဲ/ယာတို့မှ လက်လုပ်ဆွဲမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း မီးသတ်ယာဉ်၏ နောက်ဘီး တစ်လုံးကွဲကာ၊ တစ်လုံးပြုတ်ထွက် ခဲ့ပြီး ယာဉ်အတွင်းရှိ ရေစုပ်စက်ပျက်စီးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တံတားအမှတ် (၂/၁၁၇)အနီး ကားလမ်းဘေး၌ အကြမ်းဖက်သူများ ထောင်ထားပြီး မပေါက်ကွဲသေးသည့် ၂ ပင်လိမ် ဝါယာကြိုးဖြင့် ချိတ်ဆက်ထားသည့် လက်လုပ်မိုင်း ၇ လုံးအား တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့သည်။
အများပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များအပေါ် မီးဘေးအပါအဝင် အခြား သဘာဝဘေးအန္တရာယ် တစ်မျိုးမျိုးကျရောက်လာပါက အချိန်အခါနေရာဒေသမရွေး အရေးပေါ်ကူညီ ကယ်ဆယ်မှုများ ဆောင်ရွက်ပေးလျက်ရှိသည့် မီးသတ်တပ်ဖွဲ့ဝင်များအပေါ် အစွန်းရောက် အကြမ်းဖက်ဝါဒကို အခြေခံကာ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းသည် အကျိုးမဲ့လုပ်ရပ်တစ်ခု ဖြစ်ပြီး ထိုသို့တိုက်ခိုက်ခြင်းသည် ဒေသခံပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအား လွန်စွာ ထိခိုက်စေမှုများသာ ဖြစ်ပေါ်စေသည့်အတွက် အေးချမ်းစွာနေထိုင်လိုသူ ဒေသခံပြည်သူလူထုများ အနေဖြင့် လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ရွှံ့ရှာမုန်းတီးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းရရှိသည်။