စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ PDF အကြမ်းဖက်အဖွဲ့မှ မြစ်သာမြစ်ကူး ကြိုးတံတားအား မိုင်းခွဲဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ PDF အကြမ်းဖက်အဖွဲ့မှ မြစ်သာမြစ်ကူး ကြိုးတံတားအား မိုင်းခွဲဖျက်ဆီး

နေပြည်တော်၊ စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ PDF အကြမ်းဖက်အဖွဲ့မှ ဒေသတွင်း လမ်းပန်း ဆက်သွယ်မှု ခက်ခဲကာ ကုန်စည်စီးဆင်းမှုများ ရပ်တန့်၍ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအား ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ကာ ကျေးရွာအုပ်စုချင်းဆက်သွယ်ထားသည့် မြစ်သာမြစ်ကူး ကြိုးတံတားအား မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့နယ်၊ ကျောက်ပြုတ်ကျေးရွာအုပ်စုနှင့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီကျေးရွာအုပ်စုတို့အား ဆက်သွယ်ထားသည့် ခံနိုင်ဝန် ၃ တန်၊ အလျား ၆၀၀ ပေ၊ အကျယ် ၈ ပေရှိ မြစ်သာမြစ်ကူးသံမဏိကြိုးတံတားအား PDF အကြမ်းဖက်အဖွဲ့က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သည်။

ထိုသို့ဖောက်ခွဲဖျက်ဆီးမှုကြောင့် တံတားကြမ်းခင်းတွင် ၅ ပေအကျယ်ခန့်ထိခိုက်ပျက်စီးခဲ့ပြီး ယာဉ်များ ဖြတ်သန်းသွားလာ၍ မရကြောင်းနှင့် အဆိုပါ ကြိုးတံတားအား ၂၀၁၆-၂၀၁၇ ခုနှစ်တွင် နိုင်ငံတော်ဘဏ္ဍာငွေ ကျပ်သိန်းပေါင်း ၁၂,၀၀၀ ကုန်ကျခံကာ ဒေသတွင်း လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်၍ ကုန်စည်စီးဆင်းမှုများ လျင်မြန်ကာ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်၍ ဆောက်လုပ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ PDF အကြမ်းဖက်အဖွဲ့များ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် ကြိုးတံတားအား အမြန်ဆုံးပြုပြင်၍ လမ်းပန်းဆက်သွယ်မှု ပြန်လည်ကောင်းမွန်စေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က အချိန်နှင့်တစ်ပြေးညီ ပြန်လည်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။