စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ဆူပူအကြမ်းဖက်သူများမှ မီးရှို့ခဲ့၍ နေအိမ် ၁ လုံးမီးလောင်ပျက်စီးကာ အမျိုးသား ၁ ဦးသေ၊ အမျိုးသမီး ၁ ဦးဒဏ်ရာရရှိ

နေပြည်တော်  ဧပြီ  ၄

၂၀၂၁ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ဆူပူအကြမ်းဖက်သူများမှမီးရှို့ခဲ့၍ နေအိမ် ၁ လုံးမီးလောင်ပျက်စီးကာ အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး   အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ ဧပြီလ ၄ ရက် နံနက် ၁ နာရီခွဲအချိန်တွင် တမူးမြို့၊ (၁၄)ရပ်ကွက်နေအမျိုးသား ၁ ဦးနှင့် ၎င်း၏ဇနီးဖြစ်သူတို့သည် နေအိမ်၌အိပ်ပျော်နေစဉ် ဦးဆောင်သူ (စိစစ်ဆဲ)ဆူပူအကြမ်းဖက်သူအင်အား ၁၀ ဦး ခန့်ရောက်ရှိလာပြီး နေအိမ်ခြံဝင်းအတွင်းသို့ လက်လုပ်ဗုံး၊ ကျောက်ခဲများဖြင့် ပစ်ပေါက်ကာ ဆူပူအကြမ်း ဖက်သူများအတွင်းမှ မျက်နှာဖုံးစွပ်ထားသူ ၄ ဦးသည် ရဲတင်းများ ကိုင်ဆောင်ပြီး နေအိမ်ပေါ်သို့တက်လာ၍ အမျိုးသားနှင့် ၎င်း၏ဇနီးဖြစ်သူတို့အား ဝိုင်းဝန်းထိုးခုတ်ရိုက်နှက်ကာ နေအိမ်အပေါ်ထပ်ရှိ ဂက်စ်အိုးနှင့် နေအိမ်ခြံဝင်းအတွင်းရှိ လယ်ထွန်စက်တို့အား မီးရှို့နေသဖြင့်  ဇနီးဖြစ်သူမှာ နေအိမ်ပြတင်းပေါက်မှ ခုန်ချ ထွက်ပြေးခဲ့ရပြီး အမျိုးသားဖြစ်သူမှာ နေအိမ်အတွင်း ဒဏ်ရာများဖြင့်ကျန်ရှိခဲ့ကာ နေအိမ်နှင့်အတူ မီးလောင် ကျွမ်းသေဆုံးခဲ့ရပါသည်။

ဖြစ်စဉ်တွင် ဇနီးဖြစ်သူမှာ ဦးခေါင်း၊ မျက်နှာ၊ ဝဲ/ယာ ခြေထောက်များတွင် ပြတ်ရှဒဏ်ရာများရရှိကာ နှစ်ထပ် နေအိမ် ၁ လုံး၊ ဆိုင်ကယ် ၃ စီး၊ လယ်ထွန်စက် ၁ စီးတို့ မီးလောင်ဆုံးရှုံးခဲ့ရသည့်အတွက် ဒဏ်ရာရရှိသူ အမျိုးသမီးအား လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ရေး တမူးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ထားရှိပြီး နေအိမ်အား မီးရှို့ဖျက်ဆီး၍ လူသေဆုံးစေခဲ့သူ ဆူပူအကြမ်းဖက်သူများအား ဥပဒေနှင့်အညီ   ထိရောက်စွာ အရေးယူနိုင်ရေးလုံခြုံရေး တပ်ဖွဲ့ဝင်များမှ လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ရဲပြန်ကြား