စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်ရှိ အကြမ်းဖက် PDF အဖွဲ့များနှင့် ဆက်သွယ်၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေသူ မင်းကင်းမြို့နယ် NLD ပါတီဝင် ကျော်မင်းထွဋ်နှင့် ဆက်စပ်တရားခံ ၃ ဦး ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်ရှိ အကြမ်းဖက် PDF အဖွဲ့များနှင့် ဆက်သွယ်၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေသူ မင်းကင်းမြို့နယ် NLD ပါတီဝင်  ကျော်မင်းထွဋ်နှင့် ဆက်စပ်တရားခံ ၃ ဦး ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာလ ၂၆ ရက်
    
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန် ရည်ရွယ်၍ အကြမ်းဖက် လုပ်ငန်းများဆောင်ရွက်နေသော စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်ရှိ အကြမ်းဖက် PDF အဖွဲ့များအား ထောက်ပံ့မှုများပြုလုပ်ပေးနေသူ ပပလှိုင်အား စက်တင်ဘာလ ၅ ရက် ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ မင်္ဂလာလမ်းတွင် ဖမ်းဆီးရမိခဲ့သည်။
    
တရားခံ ပပလှိုင်၏ ထွက်ဆိုချက်အရ ၎င်းသည် တရားခံပြေးကျော်မင်းထွဋ် (မင်းကင်းမြို့နယ် NLD ပါတီ ဉပဒေအထောက်အကူပြုအဖွဲ့ဝင်)၏ ခိုင်းစေချက်အရ မင်းကင်းမြို့နယ်ရှိ အကြမ်းဖက် PDF အဖွဲ့များအား ငွေကြေးလွှဲပြောင်းပေးပို့ခြင်း၊ ဆေးဝါးများပေးပို့ခြင်း၊ လက်လုပ်သေနတ်ပြုလုပ်ရန် ပစ္စည်းကိရိယာများဝယ်ယူရေးတို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ 
    
တရားခံ ပပလှိုင်၏ ထွက်ဆိုချက်အရ စက်တင်ဘာလ ၆ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အကြမ်းဖက် PDF အဖွဲ့များနှင့် ဆက်သွယ်၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေသူ မင်းကင်းမြို့နယ် NLD ပါတီဝင် ကျော်မင်းထွဋ်၊ ကျော်မင်းအောင်နှင့် အကြမ်းဖက်အဖွဲ့ဝင်များအား လက်ခံထားရှိသူ အောင်မျိုးမင်းတို့အား စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြဝတီရပ်ကွက်ရှိ နေအိမ်တွင် ဖမ်းဆီးရမိခဲ့သည်။
     
တရားခံကျော်မင်းထွဋ်၏ ထွက်ဆိုချက်အရ ၎င်းသည် တရားခံပြေး အောင်ထွန်းလွင် (NLD ပါတီဝင် မင်းကင်းမြို့နယ်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း)နှင့် ဆက်သွယ်၍ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် အကြမ်းဖက် NUG ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဖြစ်မြောက်ရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ ကြောင်းသိရှိရသည်။
    
ထို့အပြင် တရားမဝင်ဖွဲ့စည်းထားသည့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီ(CRSH)အဖွဲ့ဝင် တရားခံပြေး သန့်ဝေကျော်(ကလေးမြို့နယ်၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း)၏ ခိုင်းစေချက်အရ အကြမ်းဖက်  PDF အဖွဲ့များနှင့် ဆက်သွယ်၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် မင်းကင်းမြို့နယ် ကိုယ်စားလှယ်အဖြစ် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
     
၎င်းအပြင် တရားခံကျော်မင်းထွဋ်သည် တရားမဝင်ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG အဖွဲ့ဝင် တရားခံပြေးရည်မွန်နှင့် ချိတ်ဆက်ကာ Zoom Meeting များတက်ရောက်ခြင်း၊ မင်းကင်းမြို့နယ်အတွင်း လက်လုပ်သေနတ်စက်ရုံ ဆောက်လုပ်ရေးအတွက် အစီအစဉ်များချမှတ်ကာ ငွေကြေး တောင်းခံခြင်း၊ မင်းကင်းမြို့နယ် အကြမ်းဖက် PDF အဖွဲ့ဝင်များ၏ စာရင်းများကောက်ယူကာ တရားခံပြေးရည်မွန်ထံ ပေးပို့ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
    
ထို့အပြင် တရားခံပြေးညွန့်အောင် (NLD ပါတီဝင်၊ မုံရွာမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း)၊ တရားမဝင်ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သည့် NUG အဖွဲ့ဝင် ဝင်းမြတ်အေး၊ အမေရိကန်နိုင်ငံနေ Moe Cho Thinn၊ စင်ကာပူရောက်မြန်မာများ စုပေါင်းဖွဲ့စည်းထားသည့် Spring Revolution Support တို့နှင့် ဆက်သွယ်၍ တရားမဝင်ငွေကြေးကောက်ခံမှုများ လုပ်ဆောင်ခဲ့ပြီး မင်းကင်းမြို့နယ် အတွင်း အကြမ်းဖက်လုပ်ငန်းများနှင့် အပြစ်မဲ့ပြည်သူများအား ဒလန်အဖြစ် စွပ်စွဲ သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေသည့် မုဿာကျေးရွာ၊ တုံကျေးရွာနှင့် သံပေါက် ကျေးရွာများရှိ PDF အဖွဲ့များနှင့် နယ်စည်းမခြားမိုးကြိုးမုန်တိုင်းအဖွဲ့ထံသို့ ဖြန့်ခွဲ ပေးပို့ခဲ့ကြောင်း သိရှိရသည်။ 
    
တရားခံ ကျော်မင်းအောင်၏ ထွက်ဆိုချက်အရ ၎င်းသည် မင်းကင်းမြို့နယ်အတွင်း ဆန္ဒပြပွဲများ၌ပါဝင်ခဲ့ကာ ဓာတ်ပုံများရိုက်ယူခဲ့ပြီး အင်တာနက် လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေခြင်း၊ ပြည်သူလူထုအတွင်း ဆူပူအုံကြွဆန္ဒပြမှုများဖြစ်ပေါ်စေရန် လှုံ့ဆော်ခြင်း၊ တရားမဝင်ငွေကြေးကောက်ခံ၍ မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျေးရွာ PDF ခေါင်းဆောင် ဝင်းမင်းစိုးထံသို့ ပေးပို့ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
    
အထက်ပါ ဖမ်းဆီးရမိတရားခံများအား ဉပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများချီးမြှင့် ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။