စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း မီးလောင်မှုအား စစ်ဆေးရန် လာရောက်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ရန်ပြင်ဆင်နေသည့် အကြမ်းဖက်သူ အမျိုးသား ၆ ဦးအား တူမီးသေနတ်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း မီးလောင်မှုအား စစ်ဆေးရန် လာရောက်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ရန်ပြင်ဆင်နေသည့် အကြမ်းဖက်သူ အမျိုးသား ၆ ဦးအား တူမီးသေနတ်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၂၁ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် မုံရွာမြို့၊ လယ်ဇင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းအား အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးခဲ့၍ မီးလောင်မှုဖြစ်ပွား ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ကျောင်းဝင်းအတွင်းရှိ စာသင်ဆောင်အဟောင်းတွင် ကာရံထားသော ထရံ ၃ ချပ်မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

ထို့နောက် အဆိုပါမီးလောင်မှုဖြစ်ပွားရာ လယ်ဇင်ကျေးရွာသို့ လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ရန်နှင့် လုံခြုံရေးကိစ္စများ ဆောင်ရွက်ရန် ထပ်မံထွက်ခွာလာသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ည ၁၁ နာရီခန့်တွင် အဆိုပါကျေးရွာအဝင်အရောက်၌ ကျေးရွာအဝင်လမ်းဘေးတွင် အကြမ်းဖက်သူ များက လုံခြုံရေးတပ်ဖွဲ့ဝင်များအား ချောင်းမြောင်းတိုက်ခိုက်ရန် ပြင်ဆင်နေသည်ကို တွေ့ရှိရသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ကျေးရွာအဝင်လမ်းဘေး တောစပ်အနီးမှ မုံရွာမြို့နယ်၊ ရွာထောင်ကျေးရွာနေ ကျော်နန္ဒ (၁၈)နှစ် (ဘ) ဦးစိန်အောင်နှင့်အတူ အောင်အောင်၊ ကျော်မျိုးထွေး၊ ဆန်းမင်းထက်၊ ဘချစ်(ခ)ချစ်ထွန်းနိုင်၊ ဇေယျာလင်းတို့အား တူမီးသေနတ် ၁ လက်၊ ယမ်းမှုန့်များထည့်ထားသော ဆေးထိုးပိုက် ၁၀၃ ချောင်း၊ အကြမ်းဖက်တိုက်ခိုက်ရာတွင်အသုံးပြုသည့်ပစ္စည်းများ၊ ဦးဝင်းလွင်ထွန်းအမည်ပါ ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပေးထားသော မဲရုံအဖွဲ့ဝင် လည်ဆွဲကတ်ပြား ၁ ခုတို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ချောင်းမြောင်းတိုက်ခိုက်ရန် ပြင်ဆင်နေရာတွင် ပါဝင်ခဲ့ပြီး ဖမ်းဆီးရမိခဲ့သူ ကျော်နန္ဒပါ ၆ ဦးတို့အား စစ်ဆေးလျက်ရှိကြောင်းနှင့် ပူးပေါင်းပါဝင် ပတ်သက်သူများအားလည်းဖော်ထုတ်ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။