စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦးတို့အား လက်နက်ကိုင်အကြမ်းဖက် PDF အဖွဲ့သို့ ထောက်ပံ့မည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦးတို့အား လက်နက်ကိုင် အကြမ်းဖက် PDF အဖွဲ့သို့ ထောက်ပံ့မည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၂၁ ရက်နေ့ည ၁၂ နာရီ ၅ မိနစ်ခန့်တွင် မုံရွာမြို့၊ အေးသာယာရပ်ကွက်၊ (၁)လမ်းထိပ်နေ ဦးတင်မြင့်စိုး (၆၃)နှစ် (ဘ) ဦးတင်စိန်၏ နေအိမ်၌ လက်နက်ကိုင်အကြမ်းဖက် PDF အဖွဲ့ဝင်များရောက်ရှိနေပြီး ရိက္ခာများစုဆောင်းနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ကသွားရောက် ရှာဖွေခဲ့ရာ အဆိုပါနေအိမ်၌ ဦးတင်မြင့်စိုးနှင့်အတူ ဇော်မျိုးထွန်း (၂၇)နှစ် (ဘ)ဦးကျော်ညွှန့်၊ ချစ်ထွန်း(ခ) ဇေကြီး၊ အောင်ချမ်းဝင်း၊ ဟန်ဇင်ထွန်း၊ မအိအိမွန်၊ မငြိမ်းငြိမ်းအိ၊ ဒေါ်ကြည်ကြည်ဝင်းတို့ ၈ ဦးအားတွေ့ရှိရပြီး‌ ဆက်လက် ရှာဖွေခဲ့ရာ နေအိမ် အတွင်းမှ ဆေးပစ္စည်းများထည့်ထားသည့် ဆာလာအိတ် ၁ လုံး၊ လက်ဆွဲအိတ် ၁ လုံး၊ ဖိနပ်များထည့် ထားသည့် ဆာလာအိတ် ၁ လုံး အခြားပစ္စည်းစုံအိတ် ၂၇ အိတ်၊ အကြမ်းဖက်တိုက်ခိုက် ရာတွင်အသုံးပြုသည့်ပစ္စည်းများနှင့်အတူ သိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်များအရ အဆိုပါ ပစ္စည်းများမှာ ကနီမြို့နယ်ဘက်မှ PDF အဖွဲ့များအား ထောက်ပံ့ရန် စုဆောင်းထားခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။

ဖြစ်စဉ်တွင် PDF အဖွဲ့များအား ထောက်ပံ့မည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည့် ဦးတင်မြင့်စိုးပါ ၈ ဦးတို့အား ဆက်လက်စစ်ဆေးလျက်ရှိကြောင်းနှင့် ဥပဒေအရအရေးယူသွားနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။