စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်နှင့် တန့်ဆည်မြို့နယ်တို့၌ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်ရန်အတွက် ပြုလုပ်ထားရှိသည့် လက်နက်၊ ပစ္စည်းများနှင့်အတူ အမျိုးသား ၂ ဦးအား ဖော်ထုတ်ဖမ်းဆီး နေပြည်တော်၊ မေ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်နှင့် တန့်ဆည်မြို့နယ်တို့၌ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်ရန်အတွက် ပြုလုပ်ထားရှိသည့် လက်နက်၊ ပစ္စည်းများနှင့်အတူ အမျိုးသား ၂ ဦးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
    
ထိုသို့ဖော်ထုတ်ဖမ်းဆီးရာတွင် ၂၀၂၁ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် မြောင်မြို့နယ်၊ ချောင်းဇင်းကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာရှိ ဖုန်းဆိုးကွင်းပြင်၌ အကြမ်းဖက်သူများက နိုင်ငံတော်ဆန့်ကျင်ရေး အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် ယာယီတဲများထိုးကာ လူငယ်လူရွယ်များအား စည်းရုံး၍ တဲများအတွင်း၌ တူမီးသေနတ်များ၊ လက်လုပ်မိုင်းများ ပြုလုပ်ခြင်း၊ ဖောက်ခွဲဖျက်ဆီးရေးနည်းများ သင်ကြားပေးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
    
ထို့သို့ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကွင်းပြင်၌ ယာယီတဲ ၆ လုံးအား တွေ့ရှိရပြီး ဝင်ရောက်စစ်ဆေးခဲ့ရာ တဲများအတွင်းမှ အကြမ်းဖက်သူများအား မတွေ့ရှိရဘဲ တူမီးသေနတ်မျိုးစုံ ၁၁ လက်၊ တူမီးသေနတ် ပြုလုပ်ရန် ပြုလုပ်ထားသည့် ပြောင်းအရှည် ၁၀၆ ခု၊ ပြောင်းအတို ၅၃ ခု၊ တူမီးသေနတ် သစ်သားဒင် ၉၃ ခု၊ လက်လုပ်မိုင်း ၁၁ လုံး၊ မိုင်းပြုလုပ်ရန် ပိုင်းဖြတ်ထားသည့် အရှည် ၁ ပေခန့်ရှိ သံပိုက် ၃၀ ချောင်း၊ သတ္ထုကွင်း ၄၅ ခု၊ ယမ်းထောင်းသတ္ထုဆုံ ၇ လုံး၊ ကားမိုင်းပြုလုပ်မည့် သံကွင်းအကြီး ၅ ခု၊ ကန့် ၃ ကီလိုခန့်ပါ သံပုံး ၁ ပုံး၊ ယမ်းမဲ ၂ ကီလိုခန့်ပါ သံပုံး ၁ ပုံး၊ ခဲဝရိန်ဆော်စက် ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းနှင့် အဆိုပါလက်နက်၊ ပစ္စည်းများအား ပြုလုပ် ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
    
ထို့အတူ နံနက် ၅ နာရီအချိန်တွင် တန့်ဆည်မြို့နယ်၊ ထန်းတောကျေးရွာနေ သန်းစိုး (၃၅)နှစ် (ဘ) ဦးညွှန့်ဝေ၏ နေအိမ်၌ လက်နက်များ သိုဝှက်ထားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား မတွေ့ရှိရဘဲ နေအိမ်အတွင်းမှ အဆိုပါ ကျေးရွာနေ ကျော်မိုးအောင် (၃၂)နှစ် (ဘ) ဦးကြည်လင်းနှင့် တင်မျိုး (၄၀)နှစ် (ဘ) ဦးညိမ်းတို့ ၂ ဦးအား တူမီးသေနတ် ၁ လက်၊ ယမ်းထောင်းတံ ၁ ချောင်း၊ ခဲသီး ၁၈၇ လုံး၊ ယမ်းလိပ် ၂၃ လိပ်၊ ယမ်းမှုန့် ၁ ဘူး၊ အုတ်ဆံခွံ ၁ အိတ်၊ မီးကူးယမ်းမှုန့်များထည့်ထားသောပင်နီစလင်ပုလင်း ၁ လုံး၊ ဂက်စ်သေနတ်အပိုင်းအစ ၁ ခု၊ သံဘောစေ့ ၁၀၀ လုံး၊ ဝါးရိုးတံလှံ ၁ ချောင်း၊ ဓားရှည် ၅ ချောင်း၊ ဓားမြှောင် ၁၁ ချောင်း၊ နှစ်ခွဆူးချွန် ၁ ချောင်း၊ စတီးပိုက် ၃ ချောင်း၊ သံပိုက် ၁ ချောင်း၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ဖမ်းဆီး ရမိသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။