စစ်ကိုင်းမြို့၊ သီတဂူအာယုဒါနသံဃာ့ဆေးရုံ၌ သံဃာတော်များနှင့် သာသနာနွယ် ဝင်သီလရှင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

စစ်ကိုင်းမြို့၊ သီတဂူအာယုဒါနသံဃာ့ဆေးရုံ၌ သံဃာတော်များနှင့် သာသနာနွယ် ဝင်သီလရှင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

 
နေပြည်တော်၊ ဩဂုတ်- ၅

 
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ သီတဂူအာယုဒါနသံဃာ့ဆေးရုံ၌ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သော ဆေးအဖွဲ့များက ဩဂုတ် ၄ ရက်တွင် သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးကြသည်။

 
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များက သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိအဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိကဗဟုဇန ဟိတဓရ ရွှေကျင်နိကာယဉပဉက္ကဋ္ဌ တွဲဖက်ရွှေကျင်သာသနာပိုင် သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင် ၁၂၀၀ ပါးကို ဆေးအဖွဲ့များက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး နေမှုတို့ကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် စစ်ကိုင်းမြို့တော်ခန်းမနှင့် စည်းခုံကြီးဘုရားဓမ္မာရုံတို့၌ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးထိုးနှံနေမှုများကို ကြည့်ရှုအားပေးကြပြီး စစ်ကိုင်းမြို့၊ နှစ်(၇၀၀) အားကစားကွင်း၌ ဖွင့်လှစ်ထားရှိသော ကိုဗစ်-၁၉ ကုသရေးစင်တာရှိ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းပရဟိတအဖွဲ့များအား တွေ့ဆုံ၍ အောက်ဆီဂျင် အိုးများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများနှင့် အာဟာရဖြည့်စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ရွေဘိုမြို့ပြည်သူ့ဆေးရုံတွင် တပ်ဆင်ထားသည့် Oxygen Concentrator မှ အောက်ဆီဂျင်ထုတ်လုပ်နေမှုများကို ကြည့်ရှု၍ ကျန်းမာရေး ဝန်ထမ်းများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။