စဉ့်ကိုင်မြို့နယ်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များအား အကြောင်းမဲ့ဝင်ရောက်  သတ်ဖြတ်၊ တိုက်ခိုက် ခဲ့သည့် အကြမ်းဖက်သူများ ဖမ်းဆီးရမိ

နေပြည်တော်၊ မေ - ၁၈

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့စက်ရုံ၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား မေ ၅ ရက်တွင် အကြမ်းဖက် သူများက အကြောင်းမဲ့ဝင်ရောက် အကြမ်းဖက် ရန်ပြုတိုက်ခိုက်မှူကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ ကျဆုံးခဲ့သည့် သတင်းအား ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်သည့် အကြမ်းဖက်သူများအား အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိရာ မေ ၁၅ ရက်တွင် ကျူးလွန်သူများအနက်မှ ဇင်မျိုးထွေး (ခ)မျိုးဇော်(ခ)ထွေလာဂျီ အား Top Myanmar ပီနံအိတ်စက်ရုံ၌ လည်းကောင်း၊ မေ ၁၆ ရက်တွင် ကျော်ဇင်လတ်(ခ) ကျော်ငွေ(ခ)ဇင်လတ်၊ ဖြိုးမောက်၊ ဇော်ပိုင်မွေး၊ ဂျစ်တူး၊ စန်းထူးဝေ(ခ)ဖိုးတရုတ်၊ ထွန်းကို၊ ကျော်စိုးဝင်း(ခ) ကုလားကြီး၊ မောင်ထိုက် တို့အား ၎င်းတို့၏ နေအိမ်များ အသီးသီး၌ လည်းကောင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများအား တရားဉပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထွက်ပြေးလွတ်မြောက်နေသည့် ဦးဆောင်သူများနှင့် အကြမ်းဖက်သူများအား ဉပဒေနှင့်အညီ ဖမ်းဆီးရမိ အရေးယူနိုင်ရေး အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သော ပိတ်ဆို့စစ်ဆေးရှာဖွေမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသူများအနက်မှ ဇင်မျိုးထွေး၏ ပြောကြားချက်ကို ယခုလိုဘဲကြားသိ ခဲ့ရပါတယ်-

''ကျွန်တော့်နာမည်ကတော့ ဇင်မျိုးထွေး ဖြစ်ပါတယ်။ စဉ့်ကိုင်မြို့နယ် မီးသွေးဖုတ် ကျေးရွာအုပ်စုမှာနေပါတယ်။  စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာအနီးရှိ ရဲကင်းမှ ရဲသုံးဦးကို သတ်ဖြတ်မှုမှာ ကျွန်တော်ကိုယ်တိုင် ပါဝင်ကျူးလွန်ခဲ့ပါတယ်။ ကျွန်တော်နဲ့အတူ ပါဝင် ကျူးလွန်သူတွေကတော့ ငြိမ်းချမ်းအောင်၊ ချစ်ဦး၊  ဝေလင်းမောင်၊ ထွန်းကို၊ ဝက်ကြီး၊ တရုတ်ကြီး၊  ဗလကြီး၊ မောင်ဦး၊ မောင်ထိုက်၊ ဂျစ်တူးနဲ့ ဖြိုးမောက်တို့ဖြစ်ပါတယ်။   ရဲသုံးယောက်ကို   သတ်ဖို့ အတွက် ကျွန်တော်တို့ကို  ခိုင်းတဲ့ လူတွေကတော့ မုံပြင်ကျေးရွာက ဦးဝင်းခိုင် နဲ့ ဦးအောင်ငြိမ်းတို့ဖြစ်ပါတယ်။ မေ ၅ ရက်  နံနက်  ၂ နာရီလောက်မှာ ကျွန်တော်တို့ ၁၃ ဦး  ဆိုင်ကယ်ရှစ်စီးနဲ့  မုံပြင်ကျေးရွာကနေ   စထွက်လာပါတယ်။ စံပြ၊ မိုးကောင်း၊  နန်းတော်အရောက်မှာ ဦးဝင်းခိုင်နဲ့  ဦးအောင်ငြိမ်းတို့  ခေါ်ထားတဲ့ ဆိုင်ကယ် ကိုးစီးနဲ့ အမည်မသိလူ ၁ဝ ဦး အဖွဲ့နဲ့ ဆုံခဲ့ပါတယ်။ သူတို့အဖွဲ့နဲ့ ကျွန်တော် တို့အဖွဲ့ ပူးပေါင်းပြီး  ဂက်စ်စက်ရုံ ရဲကင်းရှိရာကို သွားခဲ့ပါတယ်။   ရဲကင်းနဲ့မလှမ်းမကမ်းအရောက်မှာ ဆိုင်ကယ်ကိုစက်သတ်ပြီး အခြေအနေကို စောင့်ကြည့်ပါတယ်။

ရဲကင်းမှ လူရိပ်လူယောင် မတွေ့ရတဲ့အတွက် ကျွန်တော်တို့အဖွဲ့ ရဲကင်းထဲ ပြေးဝင်သွား ခဲ့ပါတယ်။ ရဲကင်းထဲရှိ အခန်းတစ်ခုထဲမှာ ရဲသုံးယောက်အိပ်နေတာ တွေ့ခဲ့တဲ့အတွက် ကျွန်တော်တို့က ဓားတွေနဲ့ အချက်ပေါင်းများစွာ  ခုတ်ခဲ့ကြပါတယ်။  ကျွန်တော် ကတော့ ရဲသုံးဦးကို ဓားနဲ့ခြောက်ချက် ခုတ်ခဲ့ပါတယ်။ အဲ့လိုရဲသုံးဦးကို သတ်ပေးတဲ့ အတွက် ကျွန်တော်တို့ ၁၃ ဦး အဖွဲ့ကို ဦးဝင်းခိုင်က လေးသိန်း၊ ဦးအောင်ငြိမ်းက နှစ်သိန်း ပေးပါတယ်။ ကျွန်တော်ကတော့ ငွေတစ်သိန်း ရခဲ့ပါတယ်'' ဟု ဇင်မျိုးထွေးက ပြောသည်။