စာသင်ကျောင်းအား မီးရှို့ဖျက်ဆီးသူများနှင့် ကျောင်းများ ဖွင့်လှစ်ရာတွင် အနှောင့် အယှက်ဖြစ်စေမည့် စာရေးသားဖြန့်ဝေသူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ မေ - ၂၉

COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကျောင်း များ ပိတ်၍ စာသင်ကြားမှုများ တစ်နှစ်တာ နှောင့်နှေးကြန့်ကြာခဲ့မှုများ ဖြစ်ပေါ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများ ပညာရည်မြင့်မားရေးတွင် နစ်နာလျက်ရှိခြင်းကြောင့် ယခုအခါ ဇွန်လ ၁ ရက်မှစ၍ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အစိုးရ၊ ပြည်သူ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက အရှိန်အဟုန်မြှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသော်လည်း ကျောင်းသား/ကျောင်းသူ များ ပညာရည်မြင့်မားရေးကို မလိုလားသည့် အကြမ်းဖက်သူများက စာသင်ကျောင်း များအား မီးရှို့ဖျက်ဆီးခြင်း၊ အနှောင့်အယှက်ဖြစ်စေမည့် စာသားရေးသား၊ ဖြန့်ဝေခြင်း များ ဆောင်ရွက်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းများ ပူးပေါင်း၍ စာသင်ကျောင်းများနှင့် ကျောင်းပတ်ဝန်းကျင် လုံခြုံရေးအား ပြည့်ဝစွာ ဆောင်ရွက်ပေးလျက်ရှိပြီး ကျူးလွန်ဖောက်ဖျက်သူများကို သတင်းဖော်ထုတ်ဖမ်းဆီး ထိန်းသိမ်းလျက်ရှိသည်။ မေ ၂၇ ရက် ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တောင်ကလေးအရှေ့စုကျေးရွာ၊ အခြေခံပညာမူလတန်း လွန်ကျောင်း(တောင်ကလေးအရှေ့စု)အား အကြမ်းဖက်သူများက မီးရှို့ခဲ့ခြင်းကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသဖြင့် မီးရှို့ဖျက်ဆီးသူများအား အချိန်မီဖမ်း ဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ယင်းနေ့ည ၁၁ နာရီတွင် မီးရှို့ဖျက်ဆီးမှု၌ ပါဝင်ခဲ့သော ဇော်အောင် (၂၃)နှစ် (ဘ)ဦးထွန်းစိန်နှင့် ချစ်မင်းသူ(၁၃)နှစ် (ဘ)ဦးမင်းမင်းစိုး တို့အား ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူများအား စစ်ဆေးမေးမြန်းရာ ဇော်အောင် သည် NLD ပါတီအား ထောက်ခံအားပေးသူဖြစ်ပြီး တောင်ကလေးအရှေ့စုကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်း ပြန်လည်ဖွင့်လှစ်မည်ကို မလိုလားသဖြင့် ချစ်မင်းသူ အား အခကြေးငွေပေး၍ စာသင်ကျောင်းအား မီးရှို့ရန် စေခိုင်းခဲ့ကြောင်း၊ ချစ်မင်းသူ က စာသင်ကျောင်းအတွင်း ခိုးဝင်ရောက်ကာ  ဓာတ်ဆီလောင်းမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

အလားတူ ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် အနှောင့်အယှက်ဖြစ်စေမည့် စာသားများ ရေးသားဖြန့်ဝေလျက်ရှိသူများအား ထိန်းသိမ်းလျက်ရှိရာ နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဘေး၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ စာရေးသားဖြန့်ဝေလျက်ရှိသော စည်သူဟန် (၃၁)နှစ်(ဘ)ဦးသိန်းဟန်၊ ဝေယံမျိုး (၁၄)နှစ်(ဘ)ဦးမိုးသီဟစိုးတို့အား မေလ ၂၆ ရက် ညပိုင်းတွင်လည်းကောင်း၊  ဉတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ သဲကျွန်း ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ စာရေးသားဖြန့်ဝေလျက်ရှိသော ကျော်ကျော်အောင်(ခ)ကျော်ကျော် (၄၃)နှစ်(ဘ)ဦးအောင်မြင့်၊ အောင်ဆန်းဦး (၃၃)နှစ် (ဘ)ဦးအောင်လွင်တို့ ၂ ဦးအား မေလ ၂၇ ရက် ညပိုင်းတွင် လည်းကောင်း၊ ဇေယျာသီရိမြို့နယ်၊ စိုက်ပျိုးရေးတက္ကသိုလ်ဝန်း၊ မေတ္တာလမ်းနှင့် အဓိပတိလမ်းဆုံ အနီးရှိ ဆိုင်းဘုတ်၌ ရေးသားဖြန့်ဝေသော ရှင်းသန့်မောင် (၁၇)နှစ် (ဘ)ဦးညီစိုး၊ ပိုင်စိုးထိုက်ကျော်(၁၇)နှစ်(ဘ)ဦးကျော်ဝင်းအောင်၊ ဇွဲမောင်မောင်(ခ) ညီခန့်(၁၇)နှစ် (ဘ)ဦးခင်မောင်အေးတို့အား မေ ၂၈ ရက်တွင် လည်းကောင်း ထိန်းသိမ်းရမိခဲ့သည်။

အထက်ပါ စာသင်ကျောင်းအား မီးရှို့သူများနှင့် အနှောင့်အယှက်ဖြစ်စေမည့် စာသားရေးသားဖြန့်ဝေလျက်ရှိသူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင် ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။