စိစစ်ဆဲအကြမ်းဖက်အဖွဲ့က ဘောနတ်ကြီးကျေးရွာရှိ နယ်မြေခံအမြောက်တပ်ရင်းများသို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် နှောင့်ယှက်ပစ်ခတ်၊ မော်လမြိုင်မြို့ရှိ တိုင်းစစ်ဌာနချုပ်အား ချိန်ကိုက်စနစ်ဖြင့် ပစ်ခတ်ရန်ချိန်ရွယ်ထားသည့် ၁၀၇ မမ ရှော့တိုက်ဒုံးများတွေ့ရှိ

နေပြည်တော်၊ မတ် - ၁၈
    
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးတိုက်နယ်၊ ဘောနတ်ကြီးကျေးရွာအုပ်စု၊ ဘောနတ်ကြီးကျေးရွာရှိ နယ်မြေခံတပ်ရင်းသို့ ယနေ့နံနက်စောပိုင်းတွင် ခေါင်းဆောင်နှင့် အင်အား(စိစစ်ဆဲ) အကြမ်းဖက်အုပ်စုများက မြို့ပြများ တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်ခြင်း၊ ဆူပူအကြမ်းဖက်မှုကို မလိုလားသော ပြည်သူများအား အထိတ်တလန့် ဖြစ်စေရေး ရည်ရွယ်ချက်များဖြင့် ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးဘေးရှိ ဝါးကတုတ် ဆည်ပေါ်နှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်မှ နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
    
ထိုသို့ပစ်ခတ်မှုကြောင့် နယ်မြေခံ တပ်ရင်းနှင့်အနီးပတ်ဝန်းကျင်တစ်ဝိုက်သို့ ၁၀၇ မမ ရှော့တိုက်ဒုံးသီး ၄ လုံး ကျရောက် ပေါက်ကွဲခဲ့သော်လည်း လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။
    
အဆိုပါအကြမ်းဖက်အဖွဲ့သည် အများပြည်သူ ထိတ်လန့်တုန်လှုပ်စေရန်၊ တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပြီး ၎င်းင်းတို့ဆုတ်ခွာရာနောက်သို့ တပ်မတော်စစ်ကြောင်းများက ထပ်ကြပ်လိုက်လံရှင်းလင်းလျက်ရှိကြောင်းနှင့် ပစ်ခတ်ခဲ့သည့်အနီး ပတ်ဝန်းကျင်နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ပစ်ခတ်ရန်အသင့်ဖြစ်နေသည့် ၁၀၇ မမ ရှော့တိုက်ဒုံးသီး ၂ ခုအား သိမ်းဆည်းရမိခဲ့သည်။
    
အလားတူ မော်လမြိုင်မြို့နယ်အတွင်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်စဉ် ယနေ့နံနက် ၈ နာရီခွဲခန့်တွင် (စိစစ်ဆဲ)အကြမ်းဖက်အဖွဲ့က မော်လမြိုင်မြို့ရှိ ရွှေနတ်တောင်ပေါ်တွင် လူနေရပ်ကွက် များအား ပစ်ခတ်ရန် ချိန်ရွယ်ထားသည့် အချိန်ကိုက်စနစ်ဖြစ် ပစ်ခတ်ရန် စီမံထားသော ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးအား တွေ့ရှိခဲ့ရသဖြင့် အများပြည်သူများ အန္တရာယ် မဖြစ်စေရေးအတွက် သက်မဲ့ပြုလုပ် သိမ်းဆည်းနိုင်ခဲ့ကြောင်းနှင့် တရားဥပဒေစိုးမိုးရေးနှင့် အများပြည်သူများအေးချမ်းစွာ နေထိုင်နိုင်ရေးတို့အတွက် လုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။