စံချိန်တင်မြင့်တက်ခဲ့သော ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများ ဧပြီလတွင် အနည်းငယ် ကျဆင်းလာ

ယခုနှစ်မတ်လတွင် စံချိန်တင်မြင့်တက်ခဲ့သော ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများသည်   ဧပြီလတွင် အနည်းငယ် ကျဆင်းလာကြောင်း၊ သို့သော်စားနပ်ရိက္ခာဖူလုံရေးသည် ခက်ခဲသော ဈေးကွက်အခြေအနေများကြောင့် စိုးရိမ်ပူပန်နေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ စားနပ်ရိက္ခာ အေဂျင်စီက မေ ၆ ရက်တွင်ထုတ်ပြန်သည်။

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO)၏ ရည်ညွှန်းစားနပ်ရိက္ခာဈေးနှုန်းသည် မတ်လတွင် ၁၅၉ ဒသမ ၇ မှတ်အထိ မြင့်တက်ပြီးနောက် ဧပြီလတွင် ၁၅၈ ဒသမ ၈ မှတ်သို့ ကျဆင်းလာခြင်း ဖြစ်သည်။

အဆိုပါ စားနပ်ရိက္ခာဈေးနှုန်းများ အနည်းငယ်ကျဆင်းမှုသည် အထူးသဖြင့် ဝင်ငွေနည်းပြီး စားနပ်ရိက္ခာ ပိုမိုလိုအပ်သော နိုင်ငံများအတွက် သတင်းကောင်းဖြစ်ပြီး စိတ်သက်သာရာရစေကြောင်း၊  သို့သော် ထိုဈေးနှုန်းများသည်  ယခင်မြင့်တက်ခဲ့သည့်ဈေးနှုန်းများနှင့် မတိမ်းမယိမ်းဖြစ်နေဆဲဖြစ်ကြောင်း၊  ထို့ကြောင့် ဈေးကွက်အတွင်းကျပ်တည်းမှုနှင့် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးတွင် စိန်ခေါ်မှုရှိနေဆဲ ဖြစ်သည်ကို ဖော်ပြနေကြောင်း FAO မှ စီးပွားရေးပညာရှင်အကြီးအကဲ   မတ်စီမိုတိုရီယိုကူလန်က ပြောသည်။

စားနပ်ရိက္ခာဈေးနှုန်းများသည် တစ်လထက်တစ်လ ကျဆင်းလာသော်လည်း ဧပြီလ၏ ရည်ညွှန်းဈေးနှုန်းသည် ပြီးခဲ့သည့်နှစ်ထက် ၂၉ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။

Ref:CNA