ဆီချွမ်ပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့်ရေကြီးမှုကြောင့် ဒေသခံ  ၈ဝဝဝဝ ကျော် ဘေးလွတ်ရာရွှေ့ပြောင်း

ဆီချွမ်ပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့်ရေကြီးမှုကြောင့် ဒေသခံ  ၈ဝဝဝဝ ကျော် ဘေးလွတ်ရာရွှေ့ပြောင်း

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ဆီချွမ်ပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးမှုကြောင့် ဒေသခံပြည်သူ ၈ဝဝဝဝ ကျော်မှာ ဘေးလွတ်ရာရွှေ့ပြောင်းရကြောင်း နိုင်ငံပိုင်သတင်းဌာနက သြဂုတ် ၉ ရက်တွင်ဖော်ပြထားသည်။

သြဂုတ် ၆ ရက်မှ ၈ ရက်အထိ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ပြည်နယ်အတွင်းရှိ မြစ်ကြီးများ၏မြစ်ရေပမာဏသည် စိုးရိမ်ရေမှတ်အထက်သို့ရောက်ရှိနေသည်။

ဒါကျိုးမြို့ရှိ ရေလှောင်ကန်တစ်ခုသည် စိုးရိမ်ရေအမှတ်ဖြစ်သော ၂ ဒသမ ၂ မီတာအထက်သို့ များစွာကျော်လွန်နေပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာန၏ ထုတ်ပြန်ချက်တွင်တွေ့ရသည်။

ထို့ပြင် မြို့နယ်ခြောက်ခုအတွင်း ရေကြီးမှုများကြောင့် ဒေသခံပြည်သူ လေးသိန်းခွဲနီးပါးရေဘေးသင့်နေကြောင်း  အဆိုပါ သတင်းဌာနကဆက်လက်ဖော်ပြထားသည်။

ယင်းကဲ့သို့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆီချွမ်ပြည်နယ်တွင် စီးပွားရေးအရဆုံးရှုံးမှုမှာ ယွမ်သန်း ၂၅ဝ ရှိပြီး နေအိမ် ၄၅ လုံးမှာ လုံးဝပျက်စီးကာ ၁၁၈ လုံးမှာ ဆိုးဆိုးဝါးဝါးပျက်စီးမှုများဖြစ်ပေါ်သည်။

မြင့်တက်လာသော   အပူချိန်များက တစ်ကမ္ဘာလုံးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကိုဖြစ်ပေါ်စေနိုင်ကြောင်းနှင့် တရုတ်နိုင်ငံ အတွင်းမှာမူ လာမည့်နှစ်ပိုင်းအတွင်း ပိုမိုဆိုးဝါးမည်ဖြစ်ကြောင်း တရုတ်မိုးလေဝသ တာဝန်ရှိသူများက ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောထားကြောင်း သိရသည်။