ဆီးရီးယား၌ IS စစ်သွေးကြွအဖွဲ့ ပြန်လည်ခေါင်းထောင်လာမည်လား

 

ဆီးရီးယားနိုင်ငံ၌ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်သည်ဟု   IS   စစ်သွေးကြွအဖွဲ့က တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့သည် မပြီးဆုံးနိုင်သေးသော ပြည်တွင်းစစ်ကို ဆက်လက် ရင်ဆိုင် နေရသည့် ဆီးရီးယားအား ပြန်လည် ခြိမ်းခြောက်လာနိုင်ပြီး နိုင်ငံအတွင်း အကြမ်းဖက်မှုများ   ပြန်လည်လုပ်ဆောင်ခြင်းဖြင့် တစ်ဖန်ခေါင်းထောင်လာမည့် အလားအလာရှိနေသည်။

IS စစ်သွေးကြွအဖွဲ့သည် ဆီးရီးယား စစ်သည်များနှင့် အစိုးရကိုထောက်ခံသည့်   လက်နက်ကိုင် တပ်ဖွဲ့ဝင်များအား တင်ဆောင်လာသော ဘတ်စကားတစ်စီးကို   ဒီဇင်ဘာ ၃၁ ရက်နှောင်းပိုင်းတွင် ဒီယာအက်ဇောနှင့် ပါမိုင်ရာ အဝေးပြေးလမ်းမကြီးပေါ်ရှိ ကိုဘာဂျစ်မြို့အနီး၌ ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါတိုက်ခိုက်မှုအတွင်း လူ ၂၈ ဦး သေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိသည်ဟု အစိုးရပိုင်    ဆာနား သတင်းအေဂျင်စီက ထုတ်ပြန်ထားသော်လည်း   တိုက်ခိုက်မှုကြောင့်   ဆီးရီးယားစစ်သည် ၄၀ ဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့သည်ဟု IS စစ်သွေးကြွအဖွဲ့က ထုတ်ပြန်ထားသည်။

တိုက်ခိုက်ခံရသည့်ဘတ်စကားမှာ ခွင့်ရက်ပြီးဆုံး၍ တာဝန်ကျရာ စစ်အခြေစိုက်စခန်းတို့သို့   ပြန်လာသည့် စစ်သည်များနှင့်  အစိုးရကိုထောက်ခံသည့်  လက်နက်ကိုင် တပ်ဖွဲ့ဝင်များကို တင်ဆောင် လာခြင်းဖြစ်ပြီး  ယင်းမော်တော်ယာဉ်ကို စစ်သွေးကြွအဖွဲ့က  တိုက်ခိုက်ရန် အသေးစိတ်စီစဉ်ခဲ့ခြင်းဖြစ် သည်ဟုဆိုသည်။

စစ်သွေးကြွများသည်    ဆီးရီးယားစစ်သည်များတင်ဆောင်လာသည့် ဘတ်စကားများ ချဉ်းကပ်လာစဉ် ၎င်းတို့ထောင်ထားသည့်ဗုံးများကို  ဦးစွာဖောက်ခွဲပြီးနောက် လက်နက်ငယ်များဖြင့် ဆက်လက် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်။

တိုက်ခိုက်ခံရသည့် စစ်သည်များအနက်အများစုမှာ ဆီးရီးယားစစ်ဘက်မှ ထိပ်တန်းအဆင့်ရှိ အမှတ်(၄) တပ်ရင်းမှစစ်သည်များဖြစ်သည်။ အဆိုပါတပ်ရင်းသည် စစ်သွေးကြွတိုက်ဖျက်ရေးစစ်ဆင်မှုတွင် တက်ကြွစွာပါဝင်ခဲ့သည့် တပ်ရင်းတစ်ရင်း ဖြစ်သည်။

ယခုဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုသည် လပေါင်းများစွာအတွင်း IS စစ်သွေးကြွအဖွဲ့က  လုပ်ဆောင်ခဲ့သည့် အသေအပျောက်အများဆုံး တိုက်ခိုက်မှု တစ်ရပ်ဖြစ်လာသည်။ အဆိုပါစစ်သွေးကြွ အဖွဲ့သည် ယခင်က နိုင်ငံတစ်ဝန်းရှိ ရေနံမြေများနှင့် ပိုင်နက်နယ်မြေအများအပြားကို သိမ်းပိုက် ထားနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်တွင်းစစ်အတွင်းသို့ ဆီးရီးယားအစိုးရ၏  မဟာမိတ်နိုင်ငံများ    ဝင်ရောက်လာပြီး နောက်ပိုင်း အမေရိကန်ပြည်ထောင်စု ကလုပ်ဆောင်သည့် အကြမ်းဖက်တိုက် ဖျက်ရေးစစ်ဆင်မှုများကြောင့်  သိမ်းယူထားသည့်ပိုင်နက်များနှင့် ရေနံမြေများကို လက်လွှတ်ခဲ့ရသည့် အပြင် အင်အားကြီး စစ်သွေးကြွအဖွဲ့တစ်ဖွဲ့အနေဖြင့် မလှုပ်ရှားတော့ဘဲ အဖွဲ့ငယ်များအဖြစ်သာ လှုပ်ရှား နိုင်ခဲ့သည်။

အဆိုပါစစ်သွေးကြွအဖွဲ့ငယ်များသည် များသောအားဖြင့်ဒီယာအက်ဇော ပြည်နယ်အတွင်းရှိ    ဒေသများ အတွင်း    ဆက်လက်ခိုအောင်းလျက်ရှိပြီး   အကြမ်းဖက်မှုများကို ဆက်လက်လုပ်ဆောင်လျက် ရှိသည်။ သို့သော် ယင်းအဖွဲ့သည် ယခုကဲ့သို့ အသေအပျောက်များသည့် တိုက်ခိုက်မှုမျိုးကို လုပ်ဆောင်ခြင်း မရှိသောကြောင့် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ၎င်းင်းတို့လုပ်ဆောင်ခဲ့သည့်  တိုက်ခိုက်မှုသည်  ဆီးရီးယား၌   IS စစ်သွေးကြွအဖွဲ့ ပြန်လည်ခေါင်းထောင် လာနိုင်သည်ဟု အစိုးရအား သတိပေးလိုက်သကဲ့သို့    ထွက်ပေါ်လာသည်ဟု ဆိုနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

Ref: Sputnik, Aj