ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများအား အသုံးပြုကာ အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်

နေပြည်တော်၊ မေ ၂၂
    
နိုင်ငံတော်အတွင်း  ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့်   နိုင်ငံတော်ပိုင်အဆောက် အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူသွားလာ လှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်း များအား လုပ်ဆောင်လျက်ရှိသည်။
    
ထိုသို့လုပ်ဆောင်လျက်ရှိရာ မေ ၂၁ ရက် ည ၈ နာရီ ၃၅ မိနစ်အချိန်တွင် ပဲခူးတိုင်းဒေသ ကြီး၊ ညောင်လေးပင်မြို့နယ် ၊ ပေါက်တောကျေးရွာ အဝင်လမ်းထိပ်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ အဆိုပါ ကျေးရွာ အဝင်လမ်းထိပ်ရှိ စမ်းကလေး ကျေးရွာအုပ်စု၊ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးတင်မောင်သန်း၏ နေအိမ်ဈေးဆိုင်အတွင်း၌ လက်လုပ်မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှု ကြောင့် ဈေးဆိုင်အတွင်းရှိနေသော ညောင်လေးပင်မြို့နယ်၊ သရက်ကုန်းကျေးရွာနေသူ ဦးတိုးတိုး (၄၉)နှစ်တွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ကျေးရွာစီမံအုပ်ချုပ်ရေး အဖွဲ့မှူး ဦးတင်မောင်သန်း(၄၉)နှစ်၊ ဒေါ်စန်းစန်းမော် (၄၈)နှစ်၊ မောင်ဆန်းဟန်ရွှေ(၁၅)နှစ်၊ ဦးဇော်ဝင်း (၅၀)နှစ်နှင့် ဒေါ်ခင်စောမြင့်(ခ)ဒေါ်တင် (၆၂)နှစ်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများအား ညောင်လေးပင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရ သည်။
    
အလားတူ ယနေ့မွန်းလွဲ ၁ နာရီ ၅ မိနစ်အချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ အဝင် ယာဉ်စစ်ဆေးရေးဂိတ်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါစစ်ဆေးရေးဂိတ်ရှိ အသုံးမပြုသည့်    X-Ray စက်(၁) အဆောက်အဦအနီးတွင် လည်းကောင်း၊ အသုံးပြုလျက်ရှိသည့် X-Ray စက်(၂) အဆောက်အဦနှင့် ဝန်ထမ်းနားနေဆောင်အကြားရှိ အမှိုက်ပုံတွင်လည်းကောင်း၊ ဝန်ထမ်းနားနေ ဆောင် ဝဲဘက်အမှိုက်ပုံး အတွင်းတွင် လည်းကောင်း စုစုပေါင်း လက်လုပ်မိုင်း ၃ လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် X-Ray စက်(၁) အဆောက်အဦတွင် ကာရံထားသည့် သွပ်ပြားအနည်းငယ်ပျက် စီးခဲ့ပြီး အကောက်ခွန်ဦးစီး ဌာနမှ ဒုတိယလက်ထောက်အကောက်ခွန်မှူးဦးထွန်းဝင်း ပါ အမျိုးသား ၄ ဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ 
     
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့် အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။