ဆေးကုသရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ပြည်သူ့ဆေးရုံနှင့်တိုက်နယ်ဆေးရုံများသို့ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ မေ - ၂၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ် ဆေးရုံ၊ ယင်းမာပင်တိုက်နယ်ဆေးရုံ၊ ညောင်ရမ်းတိုက်နယ်ဆေးရုံ၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်ဆေးရုံ၊ ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်ပြည်သူဆေးရုံ၊ မတ္တရာ မြို့နယ် ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ်၊ ယင်းတော်တိုက်နယ်ဆေးရုံ၊ ကူမဲတိုက်နယ် ဆေးရုံ၊ ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲတိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၊ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်ဆေးရုံ၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ ဆေးရုံနှင့် ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူနာရှင်များက အကူအညီတောင်းခံမှုကြောင့် တပ်မတော်မှ ဆေးကုသရေးအဖွဲ့များအား စေလွှတ်၍ ရောဂါဝေဒနာခံစားနေရသည့် ဒေသခံပြည်သူများကို လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း ခွဲစိတ် ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုး ရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးပြီး ခွဲစိတ်ကုသရန်လိုအပ် သော လူနာများအားခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ထို့သို့ ဆောင်ရွက်နေမှုများကို တိုင်းစစ်ဌာနချုပ် အသီးသီးရှိ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ဒေသခံပြည်သူများအား ဆေးကုသပေးထားမှု အခြေအနေများ၊ ကျန်းမာရေးတိုးတက် ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထိုသို့ကျန်းမာရေးစောင့်ရှောက်မှုအပေါ် ဒေသခံ ပြည်သူများအနေဖြင့် အထူးပင်ကျေးဇူးတင်ဝမ်းမြောက်လျက်ရှိကြောင်း သတင်း ရရှိသည်။