ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၂၀)နှင့် အမျိုးသမီး သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၇) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား နှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပပြုလုပ်  

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၂၀)နှင့် အမျိုးသမီး သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၇) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား နှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပပြုလုပ်

 
နေပြည်တော်၊ ဒီဇင်ဘာ -၂၉

 
တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်၊ သူနာပြုနှင့်ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၂၀)နှင့် အမျိုးသမီးသူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၇) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့ နံနက် ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် စစ်ရေးပြ ကွင်း၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း တက်ရောက်မိန့်ခွန်းပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီချုပ်(ကြည်း)နှင့်အတူ ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော် သူနာပြု နှင့်ဆေးဘက်ပညာတက္ကသိုလ်ကျောင်းအုပ်ကြီး၊ ရန်ကုန်တပ်နယ် မှ တာဝန် ရှိသူများ၊ ကျောင်းဆင်း သင်တန်းသား၊ သင်တန်းသူများ၏ မိဘအုပ်ထိန်း သူများဖြစ်သည့် တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် စာပေဌာနနှင့် လေ့ကျင့်ရေး ဌာနတို့မှ နည်းပြအရာရှိများနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြား ထားသည့်ဧည့်သည့် တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း က သင်တန်းဆင်း တပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီးနောက် အလံတော်အဖွဲ့နှင့် ကျောင်းဆင်းတပ်ခွဲများအားစစ်ဆေးသည်။ ၎င်းနောက် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကျောင်းဆင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်းက တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၂၀)မှ အကောင်းဆုံး သင်တန်းသားဆု ရရှိသူ သင်တန်သား ဆလိုင်းပြည့်စုံအောင်၊လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ သင်တန်းသား ကျော်ဇင်ထက်နှင့်စာပေထူးချွန်ဆုရရှိသူ သင်တန်းသား ဝေလင်းအောင် တို့အားဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်းသည် အမျိုးသမီးသူနာပြုနှင့်ဆေးဘက် ပညာ သိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၇) မှ အကောင်းဆုံးသင်တန်းသူဆု ရရှိသူ သင်တန်းသူ ဖွေးသန့်စင်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ သင်တန်းသူ ဆုလဲ့နန္ဒာနှင့် စာပေထူးချွန်ဆု ရရှိသူ သင်တန်းသူ ယွန်းယွန်းဝေ တို့အားဆုများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း က မိန့်ခွန်းပြောကြားရာတွင် ယနေ့သည် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်၊ သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၂၀) နှင့် အမျိုးသမီးသူနာပြု နှင့် ဆေးဘက်ပညာသိပ္ပံ ဘွဲ့သင်တန်းအမှတ်စဉ်(၇)တို့၏ သင်တန်းဆင်းသည့်နေ့ဖြစ်ပြီး နိုင်ငံတော်နှင့်တပ်မတော်အတွက် အားသစ်လောင်း သည့်နေ့တစ်နေ့ ဖြစ်၍ဂုဏ်ယူဖွယ်ရာ ထူးခြားလေးနက်သည့် နေ့တစ်နေ့ပင် ဖြစ်ကြောင်း၊ ဆေး၀န်ထမ်း တပ်ဖွဲ့ဝင်များအဖြစ်တာဝန်ကျရာ တပ်အသီးသီးကို သွားရောက်တာဝန်ထမ်းဆောင် ကြရမည်ဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ကိုယ်စားမှာ ကြားစရာ ရှိတာများကို အလေးအနက်ထား မှာကြား သွားမှာ ဖြစ်ကြောင်း။
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်သည် “ ဒို့တာဝန် အရေး သုံးပါးကို ကာကွယ်မည့် အမျိုးသားတပ်မတော်အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများနှင့်ဆေးဘက်ပညာသည် များ မွေးထုတ်ပေးရန်’’ ဆိုသည့် ရည်ရွယ်ချက်နှင့်အညီ သူနာပြုစိတ်ဓာတ်ပြည့်ဝပြီး ကိုယ်ကျင့်သိက္ခာနှင့် ပြည့်စုံသည့် သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများနှင့် ဆေးဘက်ဆိုင်ရာနည်းပညာ ကျွမ်းကျင်သူများကို စဉ်ဆက်မပြတ် သင်ကြားမွေးထုတ် ပေးလျက်ရှိကြောင်း၊ ယင်းသို့လေ့ကျင့်မွေးထုတ်ပေးလျက်ရှိရာတွင် သင်တန်းဆင်း သည့် သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၂၀)နှင့် အမျိုးသမီး သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ်(၇) အထိ “ကျွမ်းကျင်၊ ကူညီ၊ ဆေးစစ်သည်” များအဖြစ် လေ့ကျင့်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း။
တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့တွင် သူနာပြုတပ်ဖွဲ့ဝင်များ၊ ဆေးဝါးကျွမ်းကျင် သူများနှင့် ဆေးဘက်ပညာသည်များသည် မရှိမဖြစ်အရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေသည့်သူများဖြစ်၍ အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ အဖြစ် လေ့ကျင့်မွေးမြူပေးလျက်ရှိကြောင်း၊ သမိုင်းကြောင်းကို ပြန်ကြည့်လိုက်လျှင် ၁၉၅၉ ခုနှစ်တွင် စစ်သူနာပြုသင်တန်း တပ်ဆွယ်ကာလတွင် အမျိုးသမီးစစ်သူနာပြု အရာရှိလောင်းသင်တန်းအမှတ်စဉ် (၁) မှ (၁၆) အထိ ဖွင့်လှစ်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် သူနာပြုသိပ္ပံဘွဲ့ အမျိုးသမီးဗိုလ်လောင်းသင်တန်းကို အမှတ်စဉ် (၁) မှ အမှတ်စဉ် (၄) အထိ တပ်မတော်ဆေးတက္ကသိုလ်၌ လေ့ကျင့်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၀၂ ခုနှစ်တွင် တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်ကို စတင်ဖွင့်လှစ်ကာ အမျိုးသား များနှင့် အမျိုးသမီးများကိုပါ သူနာပြုသိပ္ပံဘွဲ့သင်တန်းများ တက်ရောက်စေခဲ့ကြောင်း၊ အရပ်ဘက်တက္ကသိုလ်များက သူနာပြုသိပ္ပံဘွဲ့ရရှိခဲ့ပြီး မိမိသဘောဆန္ဒအလျောက် တပ်မတော်သားတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရန် လျှောက်ထားဆန္ဒပြုခဲ့သူများ ကိုလည်း လိုအပ်သည့် အခြေခံစစ်ပညာသင်တန်းများ တက်ရောက်စေခဲ့ပြီး သူနာပြု တပ်ဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ထမ်းဆောင်စေနိုင်ခဲ့ကြောင်း။
အခြေခံဘွဲ့သင်တန်းဆင်းပြီး အချိန်ကာလ တစ်ခုအထိ စစ်မြေပြင် ဆေးအကာ အကွယ်ပေး တာဝန်ထမ်းဆောင်ပြီးပါက အရည်အချင်းပြည့်မီသူများကို စိစစ်ရွေးချယ် ပြီး မဟာဘွဲ့သင်တန်းများ ဆက်လက်တက်ရောက်စေလျက်ရှိကြောင်း၊ မဟာသိပ္ပံဘွဲ့ သင်တန်းများအပြင် သူနာပြုပါရဂူဘွဲ့သင်တန်း၊ ဓာတ်မှန်နှင့်ပုံရိပ်ဖော်နည်းပညာ ပါရဂူဘွဲ့သင်တန်းများကိုလည်း ဖွင့်လှစ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့အပြင် အခြား လိုအပ်သည့် ဘာသာရပ်ဆိုင်ရာပါရဂူဘွဲ့ သင်တန်းများ ထပ်မံဖွင့်လှစ်နိုင်ရေးလည်း စီမံဆောင်ရွက်လျက်ရှိကြောင်း။
သင်ကြားရေးအပိုင်းတွင် ပိုမိုထိရောက်စေရန် သင်ထောက်ကူပစ္စည်းများ၊ လက်တွေ့ခန်းမနှင့် နည်းပြလိုအပ်ချက်များကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် လိုအပ်ချက် အပေါ်မူတည်ပြီး ဘက်ပေါင်းစုံက ဖြည့်ဆည်းပေးလျက်ရှိ၍ နိုင်ငံတကာ နှင့် ရင်ပေါင်တန်းနိုင်အောင်လည်း ပြည်ပနိုင်ငံ ၁၁ နိုင်ငံတွင်ရှိသည့် သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များတွင် ပါရဂူဘွဲ့၊ မဟာသိပ္ပံဘွဲ့များနှင့် ဒီပလိုမာဘွဲ့များ ကို စေလွှတ်တက်ရောက်စေလျက်ရှိရာ ယခုဆိုလျှင် သင်တန်းသား ၁၃၇ ဦး တက်ရောက် အောင်မြင်ခဲ့ကြပြီးဖြစ်ကြောင်း။
ယင်းသို့ ပြည်ပသင်တန်းများတက်ရောက်စေခြင်းသည် နိုင်ငံတကာစံနှုန်း နှင့်အညီ ခေတ်မီတပ်မတော်တစ်ရပ်ဖြစ်စေရေး ရည်မှန်းဆောင်ရွက်ချိန်တွင် အရည်အချင်းပြည့်ဝသည့် သူနာပြုနှင့် ဆေးဘက်ပညာသည်များဖြစ်လာအောင် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနေခြင်းဖြစ်၍ လက်တွေ့နယ်ပယ်ရောက်ရှိချိန် တွင် အမိတက္ကသိုလ်ကြီးက သင်ကြားပေးခဲ့သည့် ပညာရပ်များကို စဉ်ဆက်မပြတ် ဆက်လက်လေ့လာဆောင်ရွက်သွားကြရန်နှင့် ပြည်တွင်း ဆင့်ပွားသင်တန်းများက တစ်ဆင့် မိမိတတ်မြောက်ခဲ့သည့် ပညာရပ်ဆိုင်ရာ ဗဟုသုတများကို မျှဝေပေးသွား ကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
လွတ်လပ်ရေးကြိုးပမ်းမှုကာလကတည်းကမြန်မာ့တပ်မတော်နှင့် အတူသန္ဓေ တည် ပေါက်ဖွားလာခဲ့ပြီး စစ်ဘက်ဆိုင်ရာ ဆရာဝန်၊ သူနာပြုနှင့်ဆေးဘက်ပညာရှင် များပူးပေါင်းပါဝင်ဖွဲ့စည်းထားသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ ပေါ်ပေါက်လာမှုသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင် စိန်ရတုနှစ်ပတ်လည်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်၏ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် လွတ်လပ်ရေးရပြီးကတည်းက ယနေ့တိုင် ခေတ်အဆက်ဆက်တွင် တပ်မတော်၏ လက်ရုံးဝန်ထမ်း တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး ပြည်တွင်းတည်ငြိမ်အေးချမ်းသာယာရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရေးအတွက် လိုအပ်သည့် စစ်ဆင်ရေးနှင့် နယ်မြေ စိုးမိုးရေးဆောင်ရွက်ရာတွင်လည်း ကျရာအခန်းကဏ္ဍ၌ ပါဝင်ထမ်းဆောင်ခဲ့ကြ ကြောင်း။
ထို့အပြင် လူသားအားလုံး အခြေခံလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ကို အရည်အသွေးပြည့်ဝစွာနှင့် ငွေကြေးအခက်အခဲမရှိဘဲ ရယူနိုင်ရမည်ဆိုသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ကျန်းမာရေးလွှမ်းခြုံမှု ပန်းတိုင်အတိုင်းပင် တပ်မတော် ဆေးရုံ၊ ဆေးတပ်ရင်းတပ်ဖွဲ့များ၌ တပ်မတော်သားများနှင့် မိသားစုဝင်များကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ စစ်မြေပြင်လက်တွေ့ ဆေးအကာအကွယ် ပေးရေးလုပ်ငန်းများသာမက ခေတ်အဆက်ဆက်ဒေသတွင်း ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း အကုန်အကျအနည်းဆုံးဖြင့် ရောဂါ ပျောက်ကင်းစေရေး တစ်ဖက်တစ်လမ်းကလည်း ကူညီဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြ ကြောင်း။
နိုင်ငံတော်အစိုးရအဆက်ဆက် နိုင်ငံတစ်ဝန်းလုံးတွင် ရှိသည့် ပြည်သူလူထုကို ပြည့်စုံလုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး ရည်ရွယ်ဆောင်ရွက် သည့် နေရာတွင်လည်း တစ်ဖက်တစ်လမ်းက အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်း ပေးနိုင်ရန်အတွက် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းကစ၍ တပ်မတော် ဆေးဝန်ထမ်း တပ်ဖွဲ့များကနယ်လှည့်ဆေးကုသမှုလုပ်ငန်းများကို အင်တိုက်အားတိုက် တိုးမြှင့် ဆောင်ရွက် ပေးရာတွင် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများသည် ပြည်သူ့အကျိုးပြု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် တောင်ပေါ်ဒေသနှင့် ကျေးလက်ဒေသများပါမကျန် ကိုယ်တိုင်ကိုယ်ကျသွားရောက် စောင့်ရှောက်ကုသပေးခဲ့ကြကြောင်း။
ထိုသို့ဆောင်ရွက်ရာတွင် တပ်မတော်သား အရာရှိ/စစ်သည် ကျွမ်းကျင်သူများ အပြင် ဆေးဘက်ဆိုင်ရာ ဆေးဝါးများ၊ ကုသရေးဆိုင်ရာ အထောက် အကူပြုပစ္စည်း များပါဝင်သည့် ရွေ့လျားဆေးကုသမှုယာဉ်များဖြင့် ပါဝင်ဖွဲ့စည်းဆောင်ရွက်ပေးလျက် ရှိသည့်အပြင် ရေလမ်းကြောင်းတစ်ခုတည်းသာ အားကိုးအားထားပြုပြီး သွားလာ နေကြရသည့် နေရာမျိုးများသို့လည်း မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)တို့ဖြင့် မြစ်ဝကျွန်းပေါ်ဒေသနှင့် ကမ်းရိုးတမ်း ဒေသများရှိ ပြည်သူလူထုများကို ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ခဲ့ကြောင်း။
ထို့အပြင် ကြိုတင်မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရ သည့် အချိန်တိုင်းတွင်လည်း နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် က “လူ့အသက်ထက်အရေးကြီး တာ ဘာမှမရှိလို့” မိန့်ကြားထား သည့်အတိုင်း တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် များသည်လည်း အချိန်၊ နေရာဒေသ၊ လူမျိုးဘာသာမရွေး ကူညီစောင့်ရှောက်နိုင်ရန် ကယ်ဆယ်ရေးလုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်ပေးလျက် ရှိကြောင်း။
၎င်းအပြင် သင်ကြားရေး ဆောင်ရွက်ရင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု အမြင့်ဆုံး အချိန်တွင်လည်း စာတွေ့မှ လက်တွေ့ဆီသို့ ပြောင်းလဲကာ လိုအပ်ချက်အရ အသက်အန္တရာယ်နှင့် ဆိုးရွားပြင်းထန်သည့် ရောဂါကူးစက်ခံရနိုင်မှုကို မကြောက်မရွံ့ နောက်မတွန့်ဘဲ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ကိုယ်ကျိုးစွန့် ပါဝင်ဆောင်ရွက်ခဲ့ခြင်းကိုလည်း ဂုဏ်ယူဖွယ်တွေ့မြင်ခဲ့ရကြောင်း၊ ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် သူနာပြု တပ်ဖွဲ့ဝင်ကောင်းများအဖြစ် ကျရာတာဝန်ကို ဆက်လက် ကျေပွန်စွာထမ်းဆောင်နိုင် စေရန် မိမိတို့၏ သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်အသီးသီးတွင် အရည်အချင်း၊ အရည်အသွေး ပြည့်မီသူများဖြစ်အောင် အမြဲမပြတ် ဖြည့်ဆည်းကြိုးစားကြရန် လိုကြောင်း။
သူနာပြုပညာရပ်သည် ကျန်းမာရေးကဏ္ဍတွင် အရေးပါသည့် ပညာရပ်တစ်ရပ် ဖြစ်ကြောင်း၊ သူနာပြုများသည်လည်း ကရုဏာတရားကြီးမားပြီး ကြင်နာတတ်သူ၊ ကိုယ်ကျိုးစွန့်အနစ်နာခံတတ်သူ၊ စေတနာထက်သန်သူ၊ စိတ်ထားမွန်မြတ်သူ၊ အပင်ပန်း အဆင်းရဲခံနိုင်သူ၊ ကိုယ်ကျင့်သိက္ခာကောင်းမွန်သူ စသည့်အင်္ဂါရပ်များနှင့် ထူးထူးကဲကဲ ပြည့်စုံသူများ ဖြစ်ကြောင်း၊ စေတနာနှင့်အကြင်နာဆိုသည် အလွန် ထိရောက်သည့် စိတ်ပိုင်းဆိုင်ရာ ကုထုံးဖြစ်သည့်အပြင် လူနာ၏ ယုံကြည်လေးစားမှု ချစ်ခင်မှုများကို ရရှိစေနိုင်ကြောင်း၊ သူနာပြုတစ်ဦးအနေဖြင့် ကျန်းမာရေး ပြုစု စောင့်ရှောက်ပေးရာတွင် ကျန်းမာရေးဆိုင်ရာ ပညာပေးသူ၊ ဆွေးနွေးအကြံပြုသူ၊ ပြုစုစောင့်ရှောက်ပေးသည့်သူ စသည့် အသွင်သဏ္ဌာန်မျိုးစုံနှင့် ကျန်းမာရေး မြှင့်တင်မှု လုပ်ငန်းစဉ်များတွင် ပါဝင်နေကြခြင်းဖြစ်ပြီး သူနာပြုတစ်ဦး၏ အပြောအဆို၊ အပြုအမူ သည် လူနာ၏ စိတ်ဓာတ်ခွန်အားများ လန်းဆန်းတက်ကြွစေနိုင်ပြီး ကုသမှုကို ထိရောက်စေကြောင်း။
ထို့ကြောင့် သူနာပြုကောင်းတစ်ဦးဖြစ်စေရန် အရေးကြီးဆုံးသည် “ ဝါသနာ၊ စေတနာ၊ အကြင်နာ၊ အနစ်နာ၊ နမူနာ ” ဆိုသည့် နာ ၅ နာနှင့် ပြည့်စုံနေရန် လိုအပ်ကြောင်း၊ ထိုသို့ ထားရှိရမည့် အခြေခံကောင်းများကို လေးနှစ်တာ သင်တန်းကာလအတွင်း၌ သင်ကြားလေ့ကျင့်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ထို့အပြင် သူနာပြုကောင်းတစ်ဦးတွင် ထားရှိရမည့် လူသားဆန်သည့် စိတ်ဓာတ်များဖြစ်သည့် တည်ငြိမ်ရဲရင့်မှု၊ မြှုပ်နှံစုစည်းမှု၊ အသိဉာဏ်ရှိမှု၊ ခံနိုင်ရည်ရှိမှု၊ စိတ်အားထက်သန်မှု၊ ကိုယ်ချင်းစာစိတ်ရှိမှုများနှင့် ပြည့်ဝနေစေရန် မိမိကိုယ်ကို အမြဲမပြတ် ဖြည့်ဆည်း လေ့ကျင့်နေရမှာပင်ဖြစ်ကြောင်း။
သူနာပြုစိတ်ဓာတ်၏ အခြေခံညွှန်းဆိုချက်သည် “လူနာ၏ စိတ်ရောကိုယ်ပါ ကျန်းမာရေးနှင့် ခံစားမှုဆိုင်ရာကောင်းမွန်ရေး”ပင်ဖြစ်ကြောင်း၊ သူနာပြု စိတ်ဓာတ် ကောင်းများနှင့် ပြည့်စုံနေမည်ဆိုလျှင် မည်သည့်နေရာဒေသတွင် မဆို ပေးအပ်သည့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်သွားနိုင်မည်ဖြစ်ပြီး တပ်မတော်သား မိသားစုဝင်များနှင့် ပြည်သူလူထုက အားကိုးအားထားပြုရသည့် သူနာပြုကောင်းများ ဖြစ်လာမှာပင်ဖြစ်ကြောင်း။
ထို့အပြင် သူနာပြုများ ခံယူအပ်သည့် သူနာပြုအဓိဋ္ဌာန်ကတိသစ္စာ ၉ ချက်ကို လည်း တည်ကြည်ဖြောင့်မတ်မြဲမြံစွာ စောင့်ထိန်းလိုက်နာ သွားကြရန် အထူးလိုအပ် ကြောင်း၊ မည်သို့ပင် တုံးတိုက်တိုက် ကျားကိုက်ကိုက်စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲစိတ်ဓာတ်များဖြင့် တိုက်ပွဲဝင်ကြသည့် တပ်မတော်သား အရာရှိ/စစ်သည်များ ဒဏ်ရာအနာတရဖြစ်ချိန်၊ ကျန်းမာရေးချို့ယွင်းချိန်များတွင် လူသားများပီပီပြုစု စောင့်ရှောက်သူများ၏ အကြင်နာ၊ ကရုဏာကို တမ်းတလိုချင်ကြခြင်းဖြစ်၍ လူနာ အားလုံး၏ ကိုယ်ရောစိတ်ပါ ကျန်းမာရေးကို မိမိ၏အရေးကိစ္စကဲ့သို့ သဘောထားပြီး ကျန်းမာရေးပြုစုစောင့်ရှောက်မှုပေးရန် လိုအပ်၍ မိမိ၏ ကျင့်ဝတ်နှင့် ဂုဏ်သိက္ခာကို လည်း တန်ဖိုးထား မြှင့်တင်ကြရမှာပင်ဖြစ်ကြောင်း။
အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေသည့် နည်းပညာခေတ်တွင် စစ်ဆင်မှုပုံစံ များနှင့် ကျင့်သုံးသည့် စစ်နည်းဗျူဟာများကလည်း တိုးတက်ပြောင်းလဲလျက်ရှိ ကြောင်း၊ ယနေ့ခေတ်သစ်စစ်ပွဲများတွင် အချိုးညီ ဘက်စုံစစ်ပွဲအသွင်၊ အချိုးမညီ ဘက်စုံစစ်ပွဲအသွင် သီးသန့်စီဖြစ်စေ၊ ပေါင်းစပ်ပြီးဖြစ်စေ ကျင့်သုံးသည့် စစ်ဆင်မှု အမျိုးမျိုးကို ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် တိုက်ပွဲများဖော်ဆောင်နေကြခြင်းဖြစ်ကြောင်း။
ယနေ့ကမ္ဘာကြီးသည်လည်း ကမ္ဘာ့ရွာကြီးပုံစံဖြစ်ပေါ်နေသည့်အတွက် နိုင်ငံတိုင်း သည် ထီးတည်းနေ၍မရဘဲ ကိုယ်ကျိုးစီးပွား တူညီသူအချင်းချင်း လက်တွဲဆောင်ရွက် နေကြရကြောင်း၊ ထို့အပြင် ကိုယ်ကျိုး စီးပွားတူအချင်းချင်း မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်ရာတွင် စစ်ဘက်ဆိုင်ရာ ကဏ္ဍများတွင် လည်း အတွေ့အကြုံရရှိစေရန် နိုင်ငံတကာတပ်မတော် အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်စေခြင်း၊ တပ်ဖွဲ့အတွင်းပညာရပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် အာဆီယံစစ်ဘက်ဆေးပညာညီလာခံ၊ အာဆီယံဓာတု၊ ဇီဝနှင့်ရေဒီယို သတ္တုကြွဆိုင်ရာ ကာကွယ်ရေးကျွမ်းကျင်ပညာရှင်များ ကွန်ရက်၊ အာဆီယံတပ်မတော် ဆေးဘက်ဆိုင်ရာ ဗဟိုဌာန၊ အာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်း မှု ဗဟိုဌာန စသည့် အာဆီယံအဖွဲ့ဝင် နိုင်ငံဆေးတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် ခြင်း၊ အပြည်ပြည်ဆိုင်ရာ စစ်ဘက်ဆေးတက္ကသိုလ်များ ညီလာခံ၊ နိုင်ငံတကာစစ်ဘက် ဆေးပညာဆိုင်ရာကော်မတီများနှင့် စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံခြင်းများ ဆောင်ရွက် စေလျက်ရှိပြီး ရရှိလာသည့် အတွေ့အကြုံဗဟုသုတများကို အခြေခံပြီး တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည် မြင့်မားလာစေရန် ဆက်လက်လေ့ကျင့်ပေးသွားရမည်ဖြစ်ကြောင်း။
ထို့အပြင် အနာဂတ်ကာလတွင် Artificial Intelligence (AI) နည်းပညာရပ်သည် ဆေးကုသမှုဆိုင်ရာနယ်ပယ်ထဲ၌ အနှေးနှင့် အမြန်ဆိုသလို ဝင်ရောက်လာနေခြင်းဖြစ် သည့်အတွက် ဆေးပညာသင်ကြားရေး (Medical Education) တွင် ဆရာဝန်နှင့် သူနာပြုသင်တန်းသား၊ သင်တန်းသူများကို AI နည်းပညာနှင့် ရင်းနှီးအောင် သင်ကြားပေးနိုင်ရန် သင်ရိုးညွှန်းတမ်းများကို နိုင်ငံတကာစံနှုန်းနှင့် နှိုင်းယှဉ်ပြီး လိုအပ်သလို ပြောင်းလဲပြင်ဆင်သွားကြရမည်ဖြစ်ကြောင်း။
ပညာဗဟုသုတရှာမှီးမှု(Knowledge Acquisition) ကို အခြေခံသည့် သင်ကြားမှု စနစ်ကနေ ဗဟုသုတစီမံခန့်ခွဲမှုနှင့် ဆက်သွယ်ဆောင်ရွက်မှု (Knowledge Management and Communication) ကိုအခြေခံသည့် သင်ရိုးညွှန်းတမ်းမျိုး ဖြစ်အောင် အဆင့်မြှင့်တင် ဆောင်ရွက်သွားရန်လိုအပ်ပြီး ခေတ်နှင့်လျော်ညီသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ဆရာဝန်များနှင့် သူနာပြုများကို အောင်မြင်စွာမွေးထုတ် ပေးနိုင်ရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
တပ်မတော်သည် တိုင်းပြည်၏ အစိတ်အပိုင်း၊ ပြည်သူများ၏ အစိတ်အပိုင်း ပင်ဖြစ်ပြီး တပ်မတော်သားများသည် တိုင်းရင်းသားပြည်သူများမှ မွေးဖွားလာ ကြသူများ၊ မည်သူတစ်ဦးတစ်ယောက်မျှ တိုက်တွန်း၍မဟုတ်ဘဲ မိမိဆန္ဒအရ တပ်မတော်အတွင်းသို့ စစ်မှုထမ်းများအဖြစ် ဝင်ရောက်လာကြသူများဖြင့် ဖွဲ့စည်းထား သည့် တစ်ခုတည်းသော တပ်မတော်ဖြစ်ကြောင်း၊ တပ်မတော်၏ အဓိကတာဝန်က နိုင်ငံတော်ကာကွယ်ရေးတာဝန် ဖြစ်ခြင်းနှင့်အညီ ပြည်တွင်းနှင့် ပြည်ပရန်စွယ် အန္တရာယ်ဟူသမျှကိုလည်း လွတ်လပ်‌ရေးရပြီးသည့် နောက်ပိုင်းမှစ၍ ယနေ့တိုင် ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်၌ ကာကွယ်ခဲ့၊ ကာကွယ်ဆဲ ဖြစ်ကြောင်း။
ယနေ့အချိန်ကာလသည် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခိုင်မာ စေရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ချမှတ်ပြီး နိုင်ငံရေးရည်မှန်းချက်ဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာရေး၊ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး၊ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေး နှင့် စားရေရိက္ခာဖူလုံစေရေး ရည်မှန်းချက်များထားရှိ၍ နိုင်ငံတော် ကို အားသွန်ခွန်စိုက် ကြိုးပမ်းတည်ဆောက်နေချိန် ဖြစ်ကြောင်း၊ ထိုသို့ တည်ဆောက်သည့် နေရာတွင် နိုင်ငံအဝန်း တည်ငြိမ်အေးချမ်းမှုသည် မရှိမဖြစ် အထူးပင်လိုအပ်ကြောင်း၊ တို့အတွက် ကြောင့်လည်း လွတ်လပ်ရေးရပြီးကတည်းက (၇၅)နှစ် ကြာသည်အထိ နယ်ချဲ့ကိုလိုနီ များ၏ သွေးခွဲမှုအမျိုးမျိုးကြောင့် နိုင်ငံရေးအယူအဆများ၊ လူမျိုးရေးအယူအဆများ၊ ဘာသာရေးအယူအဆများစသည့် အယူအဆ အမျိုးမျိုးကြောင့် ပဋိပက္ခအမျိုးမျိုးကို ပြည်သူများအများစု ခါးစည်းခံခဲ့ရမှုများလည်းရှိနေခဲ့၊ ရှိနေဆဲဖြစ်ခြင်းကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတစ်ဝန်းလုံး ထာဝရငြိမ်းချမ်း တည်ငြိမ်ပြီး အမြန်ဆုံးတိုးတက်ဖွံ့ဖြိုးရေးအတွက် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် ကြိုတင်ကန့်သတ်ချက်မထားဘဲ ထာဝရငြိမ်းချမ်းရေးအတွက် ပွင့်လင်းမြင်သာစွာ ဖိတ်ခေါ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကိုယ်တိုင် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် အဖွဲ့အစည်း ခေါင်းဆောင်များအား လက်ခံတွေ့ဆုံ၍ ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံမှုအခြေအနေ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို လက်ခံမှုအခြေ အနေ ၂ ချက်အပေါ် အပြန်အလှန်ဆွေးနွေးပြီးနောက် လက်ခံကြသည့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့အား အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှု ညှိနှိုင်းရေးကော်မတီဖြင့် အသေးစိတ်ဆွေးနွေး မှုများကို အပြုသဘောဆောင်လျက် အပြန်အလှန်ဆွေးနွေးလျက်ရှိကြောင်း။
ထိုသို့ တပ်မတော်နှင့်တိုက်ရိုက် ထာဝရငြိမ်းချမ်းရေးရရှိစေရေး ဖိတ်ခေါ် ဆွေးနွေးခဲ့ခြင်းသည်လည်း လွတ်လပ်ရေးရပြီး (၇၅)နှစ်တာ ကာလအတွင်း ပဋိပက္ခ အမျိုးမျိုးကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်လာခဲ့ကြသည့် တစ်မြေထဲနေ၊ တစ်ရေတည်းသောက်သွေးချင်းညီအစ်ကို မောင်နှမများ၏ ခံစားခဲ့၊ ခံစားကြရဆဲ ပဋိပက္ခ ဆိုးကျိုးများချုပ်ငြိမ်းပြီး နိုင်ငံတော်ကြီး အမြန်ဆုံး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် စစ်မှန်စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော် ဖြစ်စေရန်ပင် ဖြစ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေးနှင့် ပတ်သက်လာလျှင် ကျရာအခန်း ကဏ္ဍက တက်ကြွစွာပါဝင်ဆောင်ရွက်နိုင်ရန် ငြိမ်းချမ်းရေး ဖြစ်စဉ်ဖြစ်ရပ်နှင့် သမိုင်းကြောင်း များကို အမြဲလေ့လာ မှတ်သားနေရန်လိုအပ်ကြောင်း။
တပ်မတော်အနေနှင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်များအပြင် သမိုင်းက ပေးအပ်လာသည့် အမျိုးသားနိုင်ငံရေးတာဝန်များကို အောင်မြင်စွာထမ်းရွက်နိုင်ရန် တပ်တွင်း၊ တပ်ပြင်စည်းလုံးညီညွတ်ရေးကို ခိုင်မာစွာတည်ဆောက်ထားရန် လိုအပ် ကြောင်း၊ တပ်မတော်သား အဆင့်အတန်းအားလုံးနှင့် မိသားစုဝင်များသည် ဘယ်သူ ခွဲခွဲဒို့မကွဲ အမြဲစည်းလုံးမည်ဆိုသည့်အတိုင်း စုစည်းကျစ်လျစ်ခိုင်မာနေရန် အထူးလို အပ်ကြောင်း၊ ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်ခြင်းနှင့်အညီ လူမှုကွန်ရက် အမျိုးမျိုးကို နည်းမျိုးစုံအသုံးချပြီး တပ်တွင်းစည်းလုံးညီညွတ်မှု ပြိုကွဲရေးကိုပြုလုပ် နေကြသလို Main Stream Media များကလည်း တပ်မတော်နှင့် တပ်မတော် သားများအပေါ်ကို နိုင်ငံတကာ၌ ပုံရိပ်ဆိုးများအဖြစ် နားလည်မှု လွဲမှားစေရေး ပုံဖော်နေလျက်ရှိခြင်းကိုလည်း သတိပြုကြရန်လိုအပ်ပြီး ထုတ်ပြန်ပေး ထားသည့် Rule of Engagement (ROE) နှင့် Counter Insurgency Operation (CIO) တို့ကိုလည်း သက်ဆိုင်ရာကဏ္ဍ အလိုက် တိကျစွာ လိုက်နာကြရန်လိုကြောင်း။
ထို့အပြင် တပ်တွင်းစည်းလုံးညီညွတ်ရေးကို ခိုင်မာအောင် တည်ဆောက် ရမှာဖြစ်၍ တစ်ဖက်ကလည်း တပ်ပြင်စည်းရုံးရေးကို တိုးမြှင့်ဆောင်ရွက် သွားကြရမှာ ဖြစ်ကြောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက် ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက် ချိန်တွင် ကူညီထောက်ပံ့ပေးခြင်းများသည် လက်တွေ့ပါသည့် စည်းရုံးရေးကို ဆောင်ရွက်နေခြင်းကို နားလည်သဘောပေါက်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်နှင့် ပြည်သူ တစ်သားတည်းဖြစ်အောင် ပြည်သူလူထုအပေါ် ပြုကျင့်ရမည့်ကျင့်ဝတ်များကို လိုက်နာကျင့်သုံးခြင်းဖြင့် တပ်ပြင်စည်းရုံးရေးကို အလေးထားဆောင်ရွက်ကြရန် လိုကြောင်း။
စစ်သည်တော်ကောင်းတစ်ဦးအဖြစ် တာဝန် ထမ်းဆောင်ရာတွင် တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်၊ တပ်မတော်၏အစဉ်အလာကို အသက်ပေးစောင့်ထိန်းလိုသည့် စိတ်ဓာတ်စသည့် တပ်မတော်၏ စိတ်ဓာတ်များကိုလည်း လေ့ကျင့်မွေးမြူထားကြရန်လည်း လိုအပ် ကြောင်း၊ ယခုလိုစိတ်ဓာတ်များရှိရန်၊ ခိုင်မာမြဲမြံနေရန် စစ်စည်းကမ်းသည် အဓိက ကျောရိုးမဏ္ဍိုင်ပင်ဖြစ်ကြောင်း၊ တပ်မတော်သားများသည် စစ်ဘက်ဥပဒေ များအပြင် နယ်ဘက်ဥပဒေများကိုပါစောင့်ထိန်းလိုက်နာကြရသည့် သူများဖြစ်၍ တားမြစ်ချက်၊ တိုက်တွန်းချက်များကို သိရှိလိုက်နာပြီး တိကျစွာ မိမိကိုယ်တိုင်နှင့် မိမိ အဖွဲ့အစည်းပါ လိုက်နာကြရန်လိုအပ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးစုတစ်စု၊ အဖွဲ့အစည်းတစ်ခု ဖွံ့ဖြိုးတိုးတက် အောင်မြင်ရန်အတွက်အခြေခံအကျဆုံးသည် စည်းကမ်းကောင်းမွန်ရေး ပင်ဖြစ်ကြောင်း။
ယနေ့ခေတ်မီဖွံ့ဖြိုးပြီး နိုင်ငံကြီးများကိုကြည့်လျှင် အခြေခံအားဖြင့် ပြည်သူ အများစုသည် စည်းကမ်း၊ စိတ်ဓာတ် ကောင်းမွန်ကြံ့ခိုင်ကြသူများ ဖြစ်ကြသည်ကို တွေ့မြင်ကြရကြောင်း၊ထို့ကြောင့် တစ်ဦးချင်းမှအစမိမိပါဝင်သည့်အဖွဲ့အစည်းကိုလည်း စည်းကမ်းစိတ်ဓာတ် ပြည့်ဝကြံ့ခိုင်ကောင်းမွန်အောင် ကြိုးပမ်းတည်ဆောက်ကြခြင်း ဖြင့် အမိနိုင်ငံတော်ကြီး အမြန်ဆုံး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
သစ္စာစောင့်သိမှုတရားသည် တပ်မတော်အား (၁၀)ပါးတွင် တစ်ပါးအပါအဝင် ဖြစ်ကြောင်း၊ အမိန့်နာခံတတ်မှု၊ စိတ်ဓာတ်ခိုင်မာမှု၊ စည်းကမ်းကောင်းမွန်မှုများနှင့် ပြည့်စုံနေမည်ဆိုလျှင် မိမိတပ်ရင်း၊ တပ်ဖွဲ့၊ တပ်မတော်နှင့် ပြည်သူလူထုအပေါ်၊ နိုင်ငံတော်အပေါ်တွင် သစ္စာစောင့်သိနေခြင်းပင်ဖြစ်၍ မိမိအဖွဲ့အစည်းနှင့် သေအတူ ရှင်မကွာအတူတကွ လက်တွဲတာဝန်ထမ်းဆောင်နေကြသည့် ရဲဘော် ရဲဘက်များ အပေါ်တွင် ထားရှိရမည့် သစ္စာစောင့်သိမှုသည် ပို၍ အရေးကြီးကြောင်း။
တပ်မတော်နှင့် နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်သည့် မည်သည့်လုပ်ရပ်မျိုး ကိုမဆို ရှောင်လွှဲဆန့်ကျင်ရမှာပင်ဖြစ်ကြောင်း၊ အမိနိုင်ငံတော်ကြီးကို တစ်စိတ် တစ်ဝမ်းတည်းဖြစ်အောင်၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ရင်းနှီးချစ်ခင် စည်းလုံးညီညွတ်မှုရရှိအောင်၊ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင် မြတ်နိုးတန်ဖိုး ထားပြီး ဝိုင်းဝန်းကြံဆောင်ကြခြင်းဖြင့် သစ္စာစောင့်သိမှုကို ပြသကြရမှာဖြစ်ကြောင်း။
ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များဖြစ်သည့် ရဲဘော်တို့သည်လည်း တပ်မတော်၏ ကောင်းမြတ်သည့် အစဉ်အလာကောင်းများကို ထိန်းသိမ်းပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ကျရာအခန်းကဏ္ဍကနေ စွမ်းစွမ်းတမံ ထမ်းဆောင် သွားကြပြီး တပ်မတော်က ယုံကြည်အားထားဂုဏ်ယူရသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် သူနာပြုနှင့် ဆေးဘက်ပညာ ကျွမ်းကျင်သူများဖြစ်အောင် ကြိုးစားတည်ဆောက် သွားကြရန် လိုကြောင်း။
သူနာပြုစိတ်ဓာတ်ပြည့်ဝပြီး ကိုယ်ကျင့် သိက္ခာနှင့် ပြည့်စုံသည့်သူနာပြုများ၊ ဆေးဝါး ကျွမ်းကျင်သူများနှင့် ဆေးဘက်ဆိုင်ရာ နည်းပညာကျွမ်းကျင်သူများ ဖြစ်အောင် ဆက်လက်လေ့ကျင့် ဖြည့်ဆည်းသွားကြရန်၊ တပ်မတော်သား မိသားစုဝင် များကိုသာမက ပြည်သူလူထုတစ်ရပ်လုံးကို ပြည့်စုံလုံလောက်သည့် ကျန်းမာရေး စောင့်ရှောက် မှုပေးရာတွင် သူနာပြုများခံယူကျင့်သုံးအပ်သည့် အဓိဋ္ဌာန်ပြု ကတိသစ္စာ ၉ ချက်နှင့်အညီ စောင့်ထိန်းလိုက်နာသွားကြရန်၊ နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်မှု များကို ဆင်ခြင်သုံးသပ်ပြီး တပ်တွင်း၊ တပ်ပြင် စည်းလုံးညီညွတ်ရေးကို မြဲမြံခိုင်မာ အောင် တည်ဆောက်သွားကြရန်၊ စိန်ရတုဆေးတပ်ဖွဲ့နေ့တိုင် တာဝန်ထမ်းဆောင် ခဲ့ကြသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၏ ကောင်းမြတ်သည့် သမိုင်းအစဉ်အလာများ ကို ဆက်လက်ထိန်းသိမ်းသွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း သည် ကျောင်းဆင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး နောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။
စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်းသည် တပ်မတော်သူနာပြုနှင့် ဆေးဘက် ပညာတက္ကသိုလ် ကျောင်းဌာနချုပ်ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် သင်တန်းသား၊ သင်တန်းသူများ အားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။
ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၂၀)နှင့် အမျိုးသမီးသူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၇) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပြီး သင်တန်းဆင်း သူနာပြုများ၊ ညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင် ကြသည်။
ညစာသုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည် တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ဂုဏ်ပြုစစ်တီးဝိုင်း၏ ဂုဏ်ပြုတီးမှုတ်မှုအား ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် သင်တန်း ဆင်းသူနာပြုများနှင့်အတူ သဘင်ဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင် ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့၏ ဂုဏ်ပြုဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။