ဆွေးနွေးပွဲများပြန်စရေးအတွက် အရေးယူပိတ်ဆို့မှုများ ဖြေလျှော့ပေးရန် မြောက်ကိုရီးယား လိုလား

ဆွေးနွေးပွဲများပြန်စရေးအတွက် အရေးယူပိတ်ဆို့မှုများ ဖြေလျှော့ပေးရန် မြောက်ကိုရီးယား လိုလား

ဆိုး၊ နိုင်ငံရေး

မြောက်ကိုရီးယားအစိုးရသည် အမေရိကန်နိုင်ငံနှင့် နျူကလီးယားကင်းစင်ရေး ဆွေးနွေးပွဲများ ပြန်မစမီ   နိုင်ငံတကာက ၎င်းနိုင်ငံအပေါ် ချမှတ်ထားသောအရေးယူ ပိတ်ဆို့မှုများကို  ဖြေလျှော့ပေးရန်လိုလားကြောင်း တောင်ကိုရီးယား လွှတ်တော်အမတ် များက သြဂုတ် ၃ ရက်တွင်ပြောသည်။

အထူးသဖြင့် သတ္တုပို့ကုန်များ၊ လောင်စာဆီနှင့် အခြားလိုအပ်သည့် သွင်းကုန်များအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ဖယ်ရှားပေးစေလိုခြင်းဖြစ်သည်။ ထို့ပြင်  ဇိမ်ခံပစ္စည်း အချို့ တင်သွင်းမှုအပေါ်ချမှတ်ထားသည့်  ပိတ်ဆို့မှုများကိုလည်း  ဖြေလျှော့ပေးစေ လိုကြောင်း  လွှတ်တော်အမတ်များက  တောင်ကိုရီးယား ထောက်လှမ်းရေးဌာနမှူး    ပါ့ဂျီဝန်းနှင့် တွေ့ဆုံဆွေးနွေးပြီးနောက်ပြောသည်။

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနိုင်ငံတို့ကြား ပိတ်ထားသည်မှာ တစ်နှစ် ကျော် ကြာပြီဖြစ်သည့် အရေးပေါ်ဆက်သွယ်ရေးလိုင်းကို ပြန်ဖွင့်ပြီးနောက် ထောက်လှမ်းရေး ဌာနမှူးနှင့်   လွှတ်တော်အမတ်တို့က တွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်။

ထိုသို့အရေးပေါ် ဆက်သွယ်ရေးလိုင်းကို ပြန်ဖွင့်ခြင်းသည် စေ့စပ်ညှိနှိုင်းရေး လုပ်ဆောင် ချက်များအတွက် မြောက်ကိုရီးယားဘက်မှ  တက်ကြွမှုရှိသောတုံ့ပြန်မှု ဖြစ်သည်ဟု လေ့လာသူများကဆိုသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ပဲ့ထိန်းဒုံးကျည်နှင့် နျူကလီးယားအစီအစဉ်များကို လုပ်ဆောင်သည့်  မြောက်ကိုရီးယားနိုင်ငံအပေါ်  အရေးယူပိတ်ဆို့မှု အမြောက်အမြား ချမှတ်ထားသည်။

မြောက်ကိုရီးယားနိုင်ငံသည် ၂၀၀၆ ခုနှစ်မှစ၍ နျူကလီးယားစမ်းသပ်မှုခြောက်ကြိမ်နှင့် အမေရိကန်နိုင်ငံအထိ ရောက်ရှိနိုင်သည့် ပဲ့ထိန်းဒုံးကျည်များ စမ်းသပ်ပစ်ခတ်မှုများကို လုပ်ဆောင်ထားသည်။

သို့သော် ၂၀၁၇ ခုနှစ်မှစ၍ နျူကလီးယား သို့မဟုတ် တိုက်ချင်းပစ်ဒုံးကျည်များ စမ်းသပ်မှုကို ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ကာ ထိုအချိန်က အမေရိကန်သမ္မတဖြစ်သည့် ဒေါ်နယ်ထရမ့်နှင့် နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးနိုင်ခဲ့သော်လည်း အမေရိကန် ဘက်က အရေးယူပိတ်ဆို့မှုများကို မဖြေလျှော့ပေးခြင်းကြောင့် နျူကလီးယားကင်းစင်ရေး ဆွေးနွေးပွဲပျက်ပြားပြီး ထိုဆွေးနွေးပွဲပြန်ကျင်းပရန်   ကြန့်ကြာနေခြင်းဖြစ်သည်။

မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားနှင့် တိုက်ချင်းပစ်ဒုံးကျည်များ စမ်းသပ်မှု တရားဝင် ဆိုင်းငံ့ထားသည့်အပေါ်   အမေရိကန်ဘက်က အပေးအယူအလျှော့အတင်း မလုပ်သည့်အတွက်   မကျေနပ်ခြင်းဖြစ်ကြောင်း လွှတ်တော်အမတ် ကင်ဗျောင်ကီက ပြောသည်။

ထို့ကြောင့် အမေရိကန်အစိုးရအနေဖြင့် အရေးယူပိတ်ဆို့မှုအချို့ကို ပြန်လည်ချိန်ညှိ ခြင်းအားဖြင့် မြောက်ကိုရီးယားကို ဆွေးနွေးပွဲသို့ပြန်ခေါ်သင့်ကြောင်း ထောက်လှမ်းရေး ဌာနမှူး၏   အကြံပြုချက်ကိုကိုးကား၍ ကင်ဗျောင်ကီက ပြောထားသည်ဟုသိရသည်။

Ref: TST