ဇူလိုင်လက တစ်ကမ္ဘာလုံးအတွက်အပူဆုံးလဖြစ်ဟု အမေရိကန်သိပ္ပံပညာရှင်အဖွဲ့ထုတ်ပြန်

ဝါရှင်တန်၊ ကမ္ဘာ့ရာသီဥတု

ပြီးခဲ့သည့်ဇူလိုင်လသည် ကမ္ဘာ့သမိုင်း တစ်လျှောက်တွင် တစ်ကမ္ဘာလုံးအတွက် အပူဆုံးလဖြစ်ကြောင်း အမေရိကန်သိပ္ပံ ပညာရှင် အဖွဲ့တစ်ဖွဲ့က သြဂုတ် ၁၃ ရက်တွင် ထုတ်ပြန်သည်။

ဇူလိုင်လသည် ကမ္ဘာပေါ်တွင်အပူဆုံးလအဖြစ် စံချိန်တင်နိုင်သည်သာမက အပူဆုံးသောဇူလိုင်လအဖြစ်လည်း မှတ်တမ်းဝင်ကြောင်း အမျိုးသားသမုဒ္ဒရာနှင့်လေထုအုပ်ချုပ်ရေးအဖွဲ့အကြီးအကဲ ရစ်စပင်နာ့ကပြောသည်။

ထို့ပြင် အဆိုပါမှတ်တမ်းဝင်မှုသည် ကမ္ဘာကြီးအတွက်သတ်မှတ်ထားသည့် ရာသီဥတုပြောင်းလဲမှုလမ်းကြောင်းကို ဟန့်တားနှောင့် ယှက်နေကြောင်း အမျိုးသား သဘာဝပတ်ဝန်းကျင် အချက်အလက်ဌာနမှ သတင်းအချက်အလက်များကို ကိုးကား၍ ရစ်စပင်နာ့က ပြောခြင်းဖြစ်သည်။

၂၀ ရာစုတစ်စုလုံးတွင် ပျမ်းမျှအပူချိန်မှာ ၆၀ ဒသမ ၄ ဒီဂရီဖာရင်ဟိုက်ရှိသော်လည်း ယခုအခါ ထိုပမာဏထက် ၁ ဒသမ ၆၇ ဒီဂရီဖာရင်ဟိုက်ပိုများလာကြောင်းနှင့် မှတ်တမ်းများစတင်ပြုစုသည့် လွန်ခဲ့သော ၁၄၂ နှစ်နောက်ပိုင်း ယခုနှစ်ဇူလိုင်လသည် အပူဆုံးဖြစ်ကြောင်း အမျိုးသားသမုဒ္ဒရာနှင့် လေထုအုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ယခုနှစ်ဇူလိုင်လ၏အပူချိန်သည် ယခင်အပူဆုံးသော ဇူလိုင်လအဖြစ်မှတ်တမ်းဝင်သည့် ၂၀၀၆ ခုနှစ် ဇူလိုင်လ အပူချိန်ထက် သုည ဒသမ ၀၂ ဒီဂရီဖာရင်ဟိုက်ပိုသည်ဟု အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။

Ref: Bangkok Post