ဈေးကွက်အတွင်း သကြားလက်ကျန် နည်းပါးလာခြင်းကြောင့် သကြားဈေးနှုန်း မြင့်တက်နေ

ဈေးကွက်အတွင်း သကြားလက်ကျန် နည်းပါးလာခြင်းကြောင့် သကြားဈေးနှုန်း မြင့်တက်နေ

ပြည်တွင်းဈေးကွက်အတွင်း   သကြားလက်ကျန် နည်းပါးလာခြင်းကြောင့် သကြားဈေးနှုန်း မြင့်တက်လျက်ရှိကြောင်း သကြားလုပ်ငန်းရှင်များ၏ ပြောဆိုချက်အရ  သိရသည်။

ပြည်တွင်းသကြားဈေးနှုန်းမှာ  သြဂုတ်  ပထမပတ်အထိ တစ်ပိဿာလျှင် ငွေကျပ် ၁၃ဝဝ ခန့်သာရှိခဲ့ရာမှ  ယခုအခါ  တစ် ပိဿာလျှင် ငွေကျပ် ၁၅ဝဝ အထိ ဈေးနှုန်း မြင့်တက်လာခြင်းဖြစ်သည်။

''အများပြည်သူရုံးပိတ်ရက် သတ်မှတ် ထားတဲ့ကာလတွေမှာ ဂိုဒေါင်တချို့ မဖွင့်တဲ့အတွက် တကယ်အရောင်းအဝယ် လုပ်တဲ့ ပြင်ပမှာ လက်ကျန်နည်းသွားပြီး ဈေးနှုန်းမြင့်တက်လာတာပါ။   အခုဈေးတက်သွားတာကလည်း တစ်ပတ်အတွင်းပဲ ရှိပါသေးတယ်။  ရုံးပိတ်ရက်တွေပြီးသွားရင်တော့   သကြားဈေးနှုန်း  ပြန်ကျလာနိုင်ပါတယ်'' ဟု   သကြားလုပ်ငန်းရှင်တစ်ဦးကပြောသည်။

လက်ရှိ သကြားဈေးနှုန်းများမှာ ပေါင်းသကြား တစ်ပိဿာလျှင် ငွေကျပ် ၁၄၅ဝ မှ ၁၅ဝဝ ကြား၊ ခါသကြားတစ်ပိဿာလျှင် ငွေကျပ်  ၁၂၅ဝ မှ  ၁၃ဝဝ ကြား၊  ပွက် သကြား တစ်ပိဿာလျှင် ငွေကျပ် ၉ဝဝ မှ ၉၈ဝ ကြား အသီးသီး ရှိကြောင်း သိရသည်။

ယခုနှစ်ကြံစိုက်ရာသီတွင် တစ်နိုင်ငံလုံး ၌ စိုက်ဧကစုစုပေါင်း ၄၃၈၄၂ဝ စိုက်ပျိုးပြီးဖြစ်ကာ   သကြားစက်ရုံများအနေဖြင့် ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ် ကြံကြိတ်ရန် လျာထားချက်မှာ  ၄၂၁၃၃ဝဝ  တန်  ခန့်မှန်းထားကြောင်းနှင့်   ပြည်တွင်း၌   သကြားစက်ရုံ ၂၃  ရုံရှိကြောင်း  စိုက်ပျိုးရေးဦးစီးဌာန သကြားထွက် သီးနှံဌာနခွဲမှ သိရသည်။