ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စားသောက်ကုန် ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စားသောက်ကုန် ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဇူလိုင် - ၂၆

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ် ချက်များကြောင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေ စေရေးအတွက် စေတနာရှင်အလှူရှင်များ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များက စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်လျက်ရှိသည်။

ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီ မြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့ရှိပြည်သူ့ဆေးရုံများမှ ကျန်းမာရေး ဝန်ထမ်း များအားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် ပြည်သူဆေးရုံနှင့် လေးမျက်နှာမြို့နယ်၊ အိုင်သပြုတိုက်နယ်ဆေးရုံတို့ရှိ ကျန်းမာရေး ဝန်ထမ်း များအား လည်းကောင်း  ဆန်၊ ဆီ၊ ဆား၊ ပဲ ၊ စားသောက်ကုန်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများကို သက်ဆိုင်ရာနေရာအသီးသီး၌ သွားရောက် ထောက်ပံ့ ပေးအပ်သည်။

အလားတူ  မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကုလားကုတ်ကျွန်းကျေးရွာရှိ ရေလုပ်သား မိသားစုများအနေဖြင့် ရေလုပ်ငန်းလုပ်ကိုင်နိုင်မှုမရှိဘဲ စားရေးအခက်အခဲများ ဖြစ်ပေါ်လျက်ရှိသဖြင့် ဇူလိုင် ၂၅ ရက်မွန်းလွဲပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် စေတနာရှင်အလှူရှင်များက ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် စားသောက်ဖွယ်ရာများကို စက်လှေများဖြင့် သွားရောက်ပေးပို့လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။