တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၅) ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်းအခမ်းအနားကျင်းပ

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၅) ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၆

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၅) ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဗထူးတပ်မြို့ရှိ၊ အဆိုပါ ဗိုလ်သင်တန်းကျောင်း စစ်ရာထူးခန့်ထားရေးခန်းမဆောင် (Commissioning Hall) ၌ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရာထူး ခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးလင်းအောင်၊ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်အောင်မျိုးသန့်၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဇော်ဝင်းနှင့် ကျောင်းဆင်း ဗိုလ်လောင်းများတက်ရောက်ကြသည်။
အခမ်းအနားအစီအစဉ်အရ စစ်ရာထူးခန့်ချုပ်၊ ဒုတိယတပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်နှင့် ကျောင်းအုပ်ကြီးတို့က စင်မြင့်တွင်နေရာယူကြသည်။ ဆက်လက်ပြီး စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးလင်းအောင်က ကျောင်းဆင်းဗိုလ်လောင်း တစ်ဦးချင်းစီအား ပြန်တမ်းဝင်ခန့်အပ်လွှာများ ပေးအပ်ပြီးနောက် အမှာစကား ပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။
တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)ကို ၁၉၄၆ ခုနှစ်တွင် ပြင်ဦးလွင်မြို့ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁ မှ ၁၆)အထိလည်းကောင်း၊ ၁၉၅၇ ခုနှစ်တွင် ပြင်ဦးလွင်မြို့မှ ဗထူးတပ်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ပြီး ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၁၇ မှ ၂၈)အထိလည်းကောင်း၊ ၁၉၆၁ ခုနှစ်တွင် သင်တန်းများ ဖွင့်လှစ်ခြင်းကို ခေတ္တရပ်ဆိုင်းခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် ဗထူးတပ်မြို့မှ မှော်ဘီမြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကာ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၉ မှ ၈၂)အထိ လည်း ကောင်း၊ ၁၉၉၁ ခုနှစ်တွင် မှော်ဘီမြို့မှ ဗထူးတပ်မြို့သို့ ပြန်လည်ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပြီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၈၃ မှ ယနေ့)အထိ ဗိုလ်လောင်းများအား လေ့ကျင့်သင်ကြားပေးလျက်ရှိကာ အရာရှိများစွာ မွေးထုတ်ပေးလျက်ရှိသည်။
ယနေ့ကျင်းပသည့် ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်း အခမ်းအနားတွင် ကျောင်းဆင်းဗိုလ်လောင်း ၂၀၄ ဦးအား ဒုတိယဗိုလ်အဆင့်ဖြင့် ရာထူးခန့်အပ်ခြင်းဖြစ် ကြောင်းသိရသည်။