တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၅) သီဟတပ်ခွဲ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၅) သီဟတပ်ခွဲ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

 
နေပြည်တော်၊ ဧပြီ -၆

 
တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ် စဉ်(၁၂၅) သီဟတပ်ခွဲသင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ဗထူးတပ်မြို့၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) စစ်ရေးပြကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း တက်ရောက်မိန့်ခွန်းပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် အောင်ဇော်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ဗထူးတပ်နယ်မှ တပ်မတော် အရာရှိကြီးများ၊ ဖိတ်ကြားထားသူများ၊ သင်တန်းသား ဗိုလ်လောင်းများ တက်ရောက်ကြသည်။

 
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး သရေစည်သူ စိုးဝင်း သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေး ပြုခြင်းကို ခံယူပြီး ဗိုလ်လောင်းတပ်ခွဲများအား လိုက်လံစစ်ဆေးသည်။ ထို့နောက် ကျောင်းဆင်း ဗိုလ်လောင်း တပ်ခွဲများ၏ အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက် အလေးပြု ခြင်းကိုခံယူသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း သည် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၅)မှ အကောင်းဆုံးဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်း အမှတ် ၁၂၁ ၊ ဗိုလ်လောင်း အောင်မင်းသူ အား ငွေဓားဆု ချီးမြှင့်ပေးအပ် သည်။

 
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က သင်တန်းဆင်း မိန့်ခွန်း ပြောကြားရာတွင် တပ်မတော်သားများသည် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို အဓိကနေရာက တာဝန်ထမ်းဆောင်နေကြသူများဖြစ်ကြောင်း၊ နိုင်ငံ တော်နှင့် တပ်မတော်အတွက် အရေးကြုံလာပါက အသက်ကိုပဓာနမထားဘဲ စွန့်လွှတ် စွန့်စားသည့် စိတ်ဓာတ်နှင့် တာဝန်ထမ်းဆောင်နေကြသူများဖြစ်ကြောင်း၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)က လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံ သော အရာရှိကောင်းများဖြစ်အောင် လေ့ကျင့်သင်ကြားခဲ့ကြပြီး တပ်ရင်း/ တပ်ဖွဲ့ အသီးသီး တွင် စစ်ဘက်ခေါင်းဆောင်ငယ်များအဖြစ် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ကြမည့် ရဲဘော်တို့အနေဖြင့် မိမိကိုပေးအပ်လာသော လုပ်ငန်းတာဝန် အပေါ် ဂုဏ်ယူတတ်ကြရန်နှင့် ပေးအပ်လာသည့် ရည်မှန်းချက်တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်သွားကြရန် အလေးအနက် ထား မှာကြားလိုကြောင်း။
တပ်မတော်သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာ ခဲ့ပြီး ရရှိထားသောလွတ်လပ်ရေးကို ဆုံးရှုံးမသွားရအောင်လည်း ခေတ်အဆက်ဆက် ကာကွယ် စောင့်ရှောက်လာခဲ့သော အစဉ်အလာကြီးမားသည့် တပ်မတော်ကြီး ဖြစ်ကြောင်း၊ အနာဂတ် တပ်မတော်၏ ခေါင်းဆောင်များအဖြစ် တာဝန်ထမ်းဆောင်ကြ မည့် ရဲဘော်တို့အနေဖြင့် ဒို့တပ်မတော်၏ သမိုင်းကြောင်းအစဉ်အလာများကို သိရှိ နားလည်ထားကြရန် လိုမည်ဖြစ် ကြောင်း။

 
တပ်မတော်ကို ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့သော ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA)မှ သန္ဓေတည်ခဲ့ပြီး ဗမာ့ကာကွယ်ရေး တပ်မတော် (BDA)၊ ဗမာ့အမျိုးသားတပ်မတော်(BNA)၊ မျိုးချစ်ဗမာ့တပ်မတော် (PBF)အဖြစ် အဆင့် ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း၊ တပ်မတော်သည် သမိုင်းစဉ်အဆက်ဆက် တိုင်းရင်း သားပြည်သူများရှေ့က ခိုင်မာသော အမျိုးသား အင်အားစုအဖြစ် ရပ်တည်ကာ ကိုလိုနီနယ်ချဲ့လက်အောက်က မြန်မာ့လွတ်လပ်ရေးရယူရာတွင် အဓိကအခန်းကဏ္ဍ မှ ပါဝင်ခဲ့သလို လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံတော်အတွင်း ပြည်တွင်းလက်နက် ကိုင် သောင်းကျန်းဆူပူမှုများနှင့် ပြည်ပက သွေးထိုးနှောင့်ယှက်မှု အန္တရာယ်အမျိုးမျိုးကို တိုင်းရင်းသားပြည်သူများနှင့်အတူ လက်တွဲပြီး မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်တို့ဖြင့် အောင်မြင်စွာ ဖြေရှင်းပေးနိုင်ခဲ့ကြောင်း။
ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်နှင့် နိုင်ငံရေးစနစ် အမျိုးမျိုး ကြားတွင် တပ်မတော်သည် လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေး အတွက် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ၏ရှေ့တွင် မားမားမတ်မတ် ရပ်တည်ခဲ့ ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရဲဘော်တို့အနေဖြင့် တပ်မတော်၏ ကောင်းမြတ် သော သမိုင်းကြောင်း အစဉ်အလာများကို သိရှိ နားလည်ပြီး လက်ဆင့်ကမ်း ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သွားကြရန် မှာကြားလိုကြောင်း။

 
နိုင်ငံတစ်နိုင်ငံ၏ တိကျစွာပိုင်းခြား သတ်မှတ်ထားသည့် ပိုင်နက်နယ်မြေနှင့် အချုပ် အခြာအာဏာကို ကာကွယ်ရန်အတွက် တပ်မတော်တစ်ရပ် မရှိမဖြစ်လိုအပ်ပြီး တပ်မတော်သားတိုင်းသည်လည်း မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်နေရန် လိုအပ် ကြောင်း၊ မျိုးချစ်စိတ်ဓာတ်နှင့် ပတ်သက်၍ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၃) သင်တန်းဆင်းပွဲတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် က "အမျိုးသားရေးလက္ခဏာနှင့် အမျိုးသားယဉ်ကျေးမှုများ လျော့နည်းလာမယ် ဆိုရင် မျိုးချစ်စိတ်ဓာတ်ဟာလည်း တိမ်ကောပျောက်ကွယ်သွားမှာဖြစ်တယ်။ မျိုးချစ်စိတ်ဓာတ် ကင်းမဲ့ခြင်းဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် အကြီးမားဆုံးသော အန္တရာယ်ဖြစ်တယ်။ နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံသား တို့ရဲ့ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးဟာ အထူးအရေးကြီးတယ်။ မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် စောင့်ထိန်းရေးဟာ ဒို့တပ်မတော် အတွက်သာမက တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်လို့ အလွန် အရေးကြီး ကြောင်း၊ မျိုးချစ်စိတ်ဓာတ်ဆိုတာ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုကို ချစ်မြတ်နိုးတဲ့စိတ်၊ တိုင်းပြည်နဲ့လူမျိုးကို ထိရင် မချိအောင်နာတတ်တဲ့စိတ်၊ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စား မယ်ဆိုတဲ့ စိတ်ဓာတ်ပဲ ဖြစ်တယ်။ ဒို့တပ်မတော်အနေနဲ့လည်း စတင်သန္ဓေတည် ပေါက်ဖွားလာကတည်းက မျိုးချစ်စိတ်ဓာတ်ကို အရင်းတည်ပြီး စည်းကမ်းနဲ့ အမိန့်နာခံမှုကောင်းတဲ့ တပ်မတော်ဖြစ်လို့ နိုင်ငံတော်အတွက် အခိုင်မာဆုံး Institution ဖြစ်တယ်" ဟုမှာကြားခဲ့ကြောင်း။

 
ထို့ကြောင့် ရဲဘော်တို့အနေဖြင့် မိမိတို့တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့ များ တွင် စည်းကမ်းနှင့် အမိန့်နာခံမှု ကောင်းသည်ထက်ကောင်းအောင်၊ ခိုင်မာသည်ထက် ပိုမိုခိုင်မာအောင် ဆက်လက်ကြိုးပမ်း တည်ဆောက် သွားကြရန် လိုအပ်ကြောင်း၊ ပစ္စုပ္ပန်ကာလတွင်လည်း တပ်မတော်အနေဖြင့် ပြည်သူတို့၏ ဆန္ဒဖြစ်သော ပါတီစုံ ဒီမိုကရေစီလမ်းကြောင်း တည်တံ့ခိုင်မြဲစေရေးနှင့် နိုင်ငံ၏ အဓိကလိုအပ်ချက်ဖြစ် သော တည်ငြိမ်အေးချမ်းရေးနှင့်ထာဝရ ငြိမ်းချမ်းရေး တို့အတွက် စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကိုရှေးရှုကာ နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ဦးလည်မသုန် ကျေပွန်အောင် ထမ်းဆောင်လျက်ရှိကြောင်း၊ ထိုသို့ ထမ်းဆောင်ရာတွင် နိုင်ငံတော် အတွက် မရှိမဖြစ်လိုအပ်သော "ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး" ဆိုသည့် ဒို့တာဝန် အရေးသုံးပါးကို အမျိုးသားရေးတာဝန်အဖြစ် အစဉ် ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားကြရန် အလေးအနက်မှာကြားလိုကြောင်း။
တပ်မတော်ကို ခေတ်မီတပ်မတော်အဖြစ် တည်ဆောက်ရာတွင် တိုက်ပွဲ စွမ်းရည်နှင့် တိုက်ပွဲစွမ်းအားများ ပြည့်စုံနေရန်လိုအပ်ပြီး တိုက်ပွဲစွမ်းရည် ပြည့်ဝ စေရန် စွမ်းရည်ထက်မြက်ပြီး အရည်အချင်းပြည့်ဝသော စစ်သည်များ လိုအပ်သည့် အတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးအနက်ထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တစ်ဦးချင်းစွမ်းရည် တိုးတက်ကောင်း မွန်လာစေရန် အတွက် တပ်မတော်သားတိုင်း အဆင့်နဲ့လျော်ညီသည့် စစ်ပညာ၊ စစ်မှုနည်းပညာ ရပ်များအပြင် သက်ဆိုင်ရာနယ်ပယ်အလိုက် စာပေပညာရပ်များကိုလည်း ပြည်တွင်းတွင် သာမက ပြည်ပနိုင်ငံများတွင်ပါ ပညာတော်သင်များ စေလွှတ်သင်ကြားပေး လျက်ရှိ ကြောင်း။

 
တိုက်ပွဲစွမ်းအားများ ပြည့်ဝစေရေးအတွက်လည်း တပ်မတော်အနေဖြင့် ခေတ်နှင့်လျော်ညီသည့် စစ်လက်နက်ပစ္စည်းများကို တပ်ဆင်အသုံးပြုနိုင်ရေး အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းနှင့် နိုင်ငံတကာ တပ်မတော်များနည်းတူ ရင်ပေါင်တန်းနိုင်သည့် ခေတ်မီ တပ်မတော်(Standard Army)ဖြစ်အောင် အရှိန်အဟုန်ဖြင့် အပိုင်းလိုက်၊ အကန့်အလိုက် အစီအမံများ အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်ဖြစ်သောကြောင့် တပ်မတော်ကို အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော်ဖြစ်အောင် တည်ဆောက်နေ သည့် ကာလတွင် ရဲဘော်တို့အနေဖြင့် ကျရာကဏ္ဍမှ သစ္စာရှိရှိ တာဝန်ကျေပွန်စွာထမ်းဆောင်သွား ကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

 
တပ်မတော်သည် ပြည်သူများလိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းပေါ်၌ လွတ်လပ်ပြီး တရားမျှတသည့် ပြည်သူက ရွေးချယ်ပေးလိုက် သော ကောင်းမွန်သည့် အစိုးရ၊ သန့်ရှင်းသည့်အစိုးရတစ်ရပ် ဖြစ်ပေါ်လာစေရန် အတွက် ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ်များတွင် အထွေထွေ ရွေးကောက်ပွဲ များကို အောင်မြင်စွာကျင်းပနိုင်ရေး အဖက်ဖက်မှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရဲဘော်တို့သိရှိပြီးသည့်အတိုင်း မဲမသမာမှုနှင့် တရားမဲ့ အနိုင်ရလိုမှုအပေါ် တရားဝင်တုန့်ပြန်ဖြေရှင်းမှု မရှိသည့် အပြင် နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို မတရားရယူလိုမှုများကြောင့် စည်းကမ်းစနစ်တကျရှိသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှ သွေဖည်မသွား စေရေး ဖြေရှင်းနိုင်ရန်အတွက် တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)ခုနှစ် အရေးပေါ်ကာလပြဋ္ဌာန်းချက်ပါ ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက် ခဲ့ရသည်ဖြစ်ကြောင်း။
နိုင်ငံတော်အာဏာကို ထိန်းသိမ်းပြီးနောက်ပိုင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီကို စစ်ဘက်၊ အရပ်ဘက် ပေါင်းစပ်ဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် ၉ ရပ် ချမှတ် ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံတော်၏ အရေးပေါ်ကာလပြဋ္ဌာန်းချက်နှင့်အညီ ဖြေရှင်းရမည့် လုပ်ငန်းတာဝန်များ ပြီးမြောက်အောင် ဆောင်ရွက်ပြီးပါက လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမို ကရေစီရွေးကောက်ပွဲ ကျင်းပပေးကာ နိုင်ငံ့တာဝန် များကို သန့်သန့်ရှင်းရှင်းဖြင့် အနိုင်ရရှိပြီး ပြည်သူလူထုက လွတ်လပ်၍ တရားမျှတစွာ ရွေးချယ်ပေးလိုက်သည့် ဒီမိုကရေစီအစိုးရထံ ပြန်လည်လွှဲပြောင်း ပေးရန် တပ်မတော်က အတိအလင်း ကြေညာထားပြီးလည်း ဖြစ်ကြောင်း။
တပ်မတော်က နိုင်ငံတော်တာဝန်များကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် တွင် စတင်ထိန်းသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၃ ရက် နောက်ပိုင်းကာလများတွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှုများမှတစ်ဆင့် ပြည်တွင်း၊ ပြည်ပ အမျိုးမျိုးသော သွေးထိုးလှုံ့ဆော်မှုများကြောင့် အစုအဖွဲ့များအလိုက် ဆူပူမှုများ၊ အကြမ်းဖက်မှု၊ ဖောက်ခွဲဖျက်ဆီးမှုနှင့် ရက်ရက်စက်စက် တရားမဲ့သတ်ဖြတ်မှုများအထိ ဖြစ်ပွား လာခဲ့သော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် "နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီသာလျှင် အနည်းဆုံးအင်အားနှင့် အနိမ့်ဆုံးအဆင့် တုန့်ပြန်အရေးယူမှုတို့ဖြင့်သာ ထိန်းထိန်းသိမ်းသိမ်း ဆောင် ရွက်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအတွင်း စစ်အုပ်ချုပ်ရေးကို ရန်ကုန် တိုင်းဒေသကြီး နယ်နိမိတ်အတွင်းရှိ မြို့နယ် ၆ မြို့နယ်သာ မဖြစ်မနေ ထုတ်ပြန်ဆောင်ရွက်ခဲ့သည်" ကို နားလည်သဘောပေါက်ကြရန် အလေးအနက် ထားပြောကြားလိုကြောင်း။

 
သင်တန်းကာလအတွင်းတွင် တပ်မတော် ခေါင်းဆောင်ငယ်များ၏ အဆင့်နှင့်လျော်ညီသည့် စစ်ပညာ၊ ခေါင်းဆောင်မှုပညာနှင့် အုပ်ချုပ်မှုပညာရပ် များကို သင်ကြားလေ့ကျင့်ပေးလိုက်ပြီးဖြစ်ကြောင်း၊ ရဲဘော်တို့အနေဖြင့် သင်ကြားလေ့ကျင့် ခဲ့ကြသည့် အတတ်ပညာများကို လက်တွေ့နယ်ပယ်တွင် အမှန်တကယ် လိုက်နာကျင့် သုံးသွားကြရန် လိုအပ်သကဲ့သို့ အမြဲစွဲမြဲနေစေရန် အတွက် စဉ်ဆက်မပြတ် လေ့ကျင့်နေရန်လည်း လိုအပ်ကြောင်း၊ ကြုံတွေ့ရသည့် စစ်မြေပြင်အခြေအနေနှင့် အခက်အခဲများကို အောင်မြင်စွာကျော်လွှားနိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်းသည် လေ့ကျင့်ခြင်းသာဖြစ်ကြောင်း၊ လေ့ကျင့်ခြင်းသည် ကျွမ်းကျင်မှု၊ ယုံကြည်မှု၊ ကျန်းမာကြံ့ခိုင်မှုနဲ့ ရဲစွမ်းသတ္တိများကို ရရှိစေမှာ ဖြစ်သည့်အတွက် ရဲဘော်တို့အနေဖြင့် တစ်ဦးချင်းလေ့ကျင့်မှုများအပြင် အစုအဖွဲ့လိုက်လေ့ကျင့်မှုများကိုပါ မီးနာမှသံကောင်းမည် ဆိုသည့် လေ့ကျင့်ရေး ဆောင်ပုဒ်နှင့်အညီ မှန်မှန်ကန်ကန် နည်းစနစ်တကျ ပြင်းပြင်းထန်ထန် မခိုမကပ်ဘဲ ရသည့်အချိန်တိုင်းတွင် အမြဲ လေ့ကျင့်ဆောင်ရွက်နေကြရန် မှာကြားလိုကြောင်း။
သင်တန်းကျောင်းက သင်ကြားလေ့ကျင့်ပေးလိုက်သည့် ပညာရပ်များသည် အခြေခံသဘောမျှသာ သင်ကြားပေးလိုက်ခြင်းဖြစ်သည့်အတွက် လက်တွေ့အသုံးချ သည့်အခါ ခေါင်းဆောင်ငယ်များပီပီ "ထိုးထွင်းကြံဆလုပ်ဆောင်တတ်မှု၊ တီထွင် လုပ်ကိုင်ဆောင်ရွက်တတ်မှုနှင့် သင်ကြားလေ့ကျင့်ခဲ့ရသည့် ပညာရပ်များကို ပေါင်းစပ် ပြီး အသုံးချဆောင်ရွက်သွားကြရန်"လိုအပ်ကြောင်း၊ လေ့ကျင့်စဉ်အခြေအနေ များဖြင့် စစ်မြေပြင်တွင် ကြုံတွေ့နိုင်သည့် အခြေအနေများသည် အနည်းနှင့်အများ ကွဲလွဲ နိုင်ခြင်းကြောင့် ရင်ဆိုင်ရသော အခက်အခဲများကို ကျော်လွှားနိုင်ရန် အတွက် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် စစ်အသုံးအဆောင်နှင့် စစ် အတတ်ပညာများကို လေ့လာ၊ ကျန်းမာကြံ့ခိုင်ကျွမ်းကျင်မှုရှိနေရန် လေ့ကျင့်၊ စစ်အခြေခံသဘောတရား၊ စစ်မြေပြင်စည်းကမ်းများ လိုက်နာဆိုသည့် လုပ်ငန်းစဉ်(၃)ရပ်ကို စဉ်ဆက်မပြတ် ကိုယ်တိုင်ရော မိမိတပ်ဖွဲ့ဝင်စစ်သည်များကိုပါ တိကျစွာ လိုက်နာဆောင်ရွက် သွားကြရန် တိုက်တွန်းစေလို ကြောင်း။
စာဖတ်ခြင်းသည် ဗဟုသုတနှင့် အသိပညာကို တိုးပွားစေပြီး အတွေး အခေါ်အယူအဆများ မြင့်မားစေနိုင်ခြင်းကြောင့် စာကောင်းပေမွန်များကို အချိန် ပေးဖတ်ရှုလေ့လာကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သားတစ်ယောက်ဖြစ်သည် နှင့်အညီ ပေးအပ်လာသည့် တာဝန်များကို အချိန်မရွေး၊ နေရာမရွေး ထမ်းဆောင် နိုင်ရမည် ဖြစ်သောကြောင့် ကျန်းမာကြံ့ခိုင်မှုရှိအောင်၊ ကိုယ်ခံစွမ်းအားပြည့်ဝအောင် နေထိုင်ကြရ မှာဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်ဘဝကို ထိခိုက်စေနိုင်သည့် အရက်၊ ကွမ်းယာ၊ ဆေးလိပ်များကို ရှောင်ကြဉ်ကြရမည်ဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ် မျှတအောင်လည်း နေထိုင်စားသောက်ကြရန် လိုအပ်ကြောင်း။
စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ရေးအတွက် လေ့ကျင့်ရေးကသာ တည်ဆောက်ပေးနိုင်သည်ဖြစ်သောကြောင့် ကိုယ်တိုင် လည်း လေ့ကျင့်နေရန်လိုအပ်သကဲ့သို့ မိမိလက်အောက်ကိုလည်း စဉ်ဆက်မပြတ် လေ့ကျင့်ပေးနေရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ရဲဘော်တို့အနေဖြင့် ကျန်းမာကြံ့ခိုင် ရမည်၊ ကျွမ်းကျင်ရမည်၊ ရဲစွမ်းသတ္တိရှိရမည် ဆိုသည့် တပ်မတော်၏ လေ့ကျင့် ရေးဆိုင်ရာ ရည်မှန်းချက်များနှင့်အညီ နေထိုင်ကျင့်ကြံပြီး တပ်မတော်ကို တိုက်စွမ်းရည်၊ တိုက်စွမ်းအား ကောင်းမွန်မြင့်မားအောင် ကြိုးစားအားထုတ် သွားကြရန် အလေးအနက်ထား မှာကြားလိုကြောင်း။

 
သင်တန်းကာလအတွင်း ခေါင်းဆောင်မှုပညာရပ်နှင့်ပတ်သက်သည့် အခြေခံ သဘောတရားများနှင့် ကျင့်စဉ်များကို သင်ကြားလေ့ကျင့် ပေးလိုက်ပြီး ဖြစ်ကြောင်း။
"ခေါင်းဆောင်မှုဆိုသည်မှာ အထက်ကပေးအပ်သည့် ရည်မှန်းချက်တာဝန်များကို ပြီးမြောက်အောင်မြင်အောင် လက်အောက်ငယ်သားများနှင့် အတူတကွဆောင် ရွက်ခြင်း" ပင်ဖြစ်ကြောင်း၊ မှန်ကန်သည့်ခေါင်းဆောင်မှုပေးနိုင်ရန်အတွက် ခေါင်းဆောင်ကိုယ်တိုင် က စံနမူနာပြဖြစ်ရမှာဖြစ်သကဲ့သို့ လက်အောက်ငယ် သားများအပေါ် "တပ်မှူးကောင်းစိတ်ဓာတ်နှင့် မိဘသဖွယ်စိတ်ဓာတ်" ထားရှိဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
လက်အောက်ကို ဦးဆောင်ရာတွင်လည်း မှန်ကန်သည့်ခေါင်းဆောင်မှု၊ ဥပဒေ နှင့်ညီညွတ်သည့် အမိန့်၊ မျှတသည့် ဆုံးဖြတ်ချက်များနှင့် လုပ်ကိုင် ဆောင်ရွက်ပြီး မိမိအဖွဲ့အစည်းက အားကိုးရသည့် ခေါင်းဆောင်များဖြစ်ရန် ကြိုးစားဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ လက်အောက်က ယုံကြည်အားကိုးပြီး တစ်စိတ်တစ်ဝမ်းတည်း လိုက်ပါဆောင်ရွက်သည့် ခေါင်းဆောင်မှုကိုရရှိမှသာ စည်းလုံး ညီညွတ်မှုအင်အားဖြင့် မိမိအဖွဲ့အစည်း၏ ရည်မှန်းချက်တာဝန်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ရဲဘော်တို့အနေဖြင့် ခေါင်းဆောင်ကောင်း တစ်ယောက်အဖြစ် အောင်မြင်မှုရရှိရန်အတွက် ခေါင်းဆောင်မှုအင်္ဂါရပ် (၁၆)ရပ်နှင့် အညီ ကျင့်ကြံကြိုးစား ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။
ခေါင်းဆောင်ဆိုသည်မှာ မိမိဦးဆောင်သည့်အဖွဲ့အစည်းကို ပေးအပ်လာသော တာဝန်များ ဖြစ်ပေါ်လာသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး ဦးဆောင်ဖြေရှင်းရသူဖြစ်သကဲ့သို့ ရရှိလာသည့် အကျိုး၊အပြစ်များကိုလည်း တာဝန် ခံရတဲ့သူသာ ဖြစ်ကြောင်း၊ တာဝန်ကိုသိပြီး တာဝန်ကျေပွန်သည့် ခေါင်းဆောင်၊ အခက်အခဲနှင့် ပြဿနာများအပေါ် စွန့်လွှတ်စွန့်စားသည့်စိတ်ဖြင့် တာဝန်ယူ ဖြေရှင်းနိုင်သည့် ခေါင်းဆောင်များ ဖြစ်ရန်လိုအပ်ကြောင်း။

 
မည်သည့်အဖွဲ့အစည်းမဆို ခေါင်းဆောင်သည် အရေးကြီးသည့် အတွက် ခေါင်းဆောင်တစ်ယောက်အနေဖြင့် ရှိသင့်ရှိထိုက်သည့်အရည်အသွေးကို ကောင်းမွန် တိုးတက်အောင် တည်ဆောက်သွားရမည်ဖြစ်သကဲ့သို့ ဆင်ခြင်တုံ တရား၊ အသိတရား၊ သတိတရား အမြဲထားပြီးလည်း ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း၊ လက်အောက်ကို ကွပ်ကဲခေါင်းဆောင်ရာတွင်လည်း ဖြစ်သင့်တာဖြစ် အောင်၊ မဖြစ်သင့်တာ မဖြစ်ရအောင် စေတနာထားပြီး ထိန်းကျောင်းဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း။
လက်အောက်ငယ်သားများ၏ သက်သာချောင်ချိရေးအတွက် လူမှုရေးအခက် အခဲများကို သတ်မှတ်ထားသည့် အမိန့်/ညွှန်ကြားချက်နှင့် ပြဋ္ဌာန်းထားသည့် ဥပဒေမူဘောင်အတွင်းမှ မှန်မှန်ကန်ကန်ဖြင့် ဖြေရှင်းဆောင်ရွက်ပေးသွား ရမည်ဖြစ် ကြောင်း၊ သို့မှသာ လက်အောက်ငယ်သားများ၏ ယုံကြည်အားကိုးမှု နှင့် ပူးပေါင်းဆောင် ရွက်မှုများကို ရရှိလာမည်ဖြစ်ပြီး မိမိအဖွဲ့အစည်းအပေါ် ပေးအပ် လာသောတာဝန်များကို အခက်အခဲမရှိဘဲ အောင်မြင်အောင် အထက်အောက် ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ရဲဘော်တို့အနေဖြင့် မိမိ အဖွဲ့အစည်းက ယုံကြည် အားကိုးရသည့် ခေါင်းဆောင်ကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက် သွားကြရန် အလေးအနက်ထား မှာကြားလိုကြောင်း။
နိုင်ငံတော်ကာကွယ်ရေးအတွက် တန်ဖိုးရှိသော အခြေခံစိတ်ဓာတ်နှင့် တပ်မတော်ကို ဝင်ရောက်လာခဲ့ကြသည့် ရဲဘော်တို့သည် ရှိပြီးသားစိတ်ဓာတ်ကို ပိုမိုခိုင်မာအောင် တည်ဆောက်ရန် လိုအပ်ကြောင်း၊ စိတ်ဓာတ်မကောင်းပါက တိုက်စွမ်းအားလျော့နည်းနိုင်သည် ဖြစ်သောကြောင့် စိတ်ဓာတ် ခိုင်မာအောင် တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ လက်ရှိကာလတွင် ပြည်ပနိုင်ငံအချို့နှင့် ပြည်တွင်းအကြမ်းဖက်အဖွဲ့အစည်းများက နိုင်ငံတော်နှင့် တပ်မတော်ပြိုကွဲအောင် နည်းလမ်းအမျိုးမျိုးဖြင့် သွေးထိုးမြှောက်ပင့် သွေးခွဲလျက်ရှိသည်ကို တွေ့မြင် နေကြရမည် ဖြစ်ကြောင်း၊ တပ်မတော်သားတိုင်းသည် နိုင်ငံတော်နှင့် ပြည်သူကို ကာကွယ်စောင့်ရှောက်လိုသည့် မွန်မြတ်သည့်စိတ်ဓာတ်နှင့် မိမိတို့ သဘောဆန္ဒ အလျောက် ဝင်ရောက်အမှုထမ်းကြသူများဖြစ်သည့်အတွက် မိမိထမ်းဆောင်ရသည့် တာဝန်များကို ယုံကြည်ချက်၊ ခံယူချက် မြင့်မြင့်မားမားထားပြီး ဆောင်ရွက်ကြ ရမှာ ဖြစ်ကြောင်း။

 
ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေက မည်သို့ပင် ပုံစံအမျိုးမျိုးဖြင့် ထိုးနှက် တိုက်ခိုက်လာစေမူ ရဲဘော်တို့အနေဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ ရဲဘော်စိတ်၊ တပ်မတော်ရဲ့အစဉ်အလာကို အသက်ပေးစောင့်ထိန်းလိုသည့် စိတ်ဓာတ်များဖြင့် သစ္စာရှိရှိ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကြရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ရဲဘော်တို့အနေဖြင့် တပ်မတော်သားကောင်းတစ်ယောက်၏ ယုံကြည်ချက်၊ ခံယူချက်များကို နားလည် သဘောပေါက်ပြီး ရပ်တည်ချက်ခိုင်မာစွာဖြင့် နိုင်ငံတော်နှင့် တပ်မတော်က ပေးအပ်သည့်တာဝန်များကို ဂုဏ်ယူစွာ ထမ်းဆောင်ပြီး ကျေးဇူးသစ္စာကို စောင့် သိရိုသေကြရန် အလေးအနက်ထား မှာကြားလိုကြောင်း။
တပ်မတော်သည် နိုင်ငံတော်၏ အဓိကအကျဆုံးသော လက်နက်ကိုင် အဖွဲ့အစည်းဖြစသည့်အတွက် တပ်မတော်သားတိုင်းသည် စစ်ဘက်စည်းကမ်း၊ စစ်ဘက်ဥပဒေနှင့် နယ်ဘက်ဥပဒေများအပြင် ဂျီနီဗာကွန်ဗန်းရှင်းနှင့် ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) ကဲ့သို့သော နိုင်ငံတကာက လိုက်နာကြသည့် စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများကိုလည်း တန်ဖိုးထား လေးစား လိုက်နာကြရကြောင်း၊ စည်းကမ်းကောင်းမွန်သည့် အဖွဲ့အစည်းသည် ကြာရှည် တည်တံ့ခိုင်မြဲပြီး ရည်မှန်းချက်တာဝန်ကို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်သည်ဖြစ်သောကြောင့့် တပ်မတော်သည် နိုင်ငံတော်၏ အခိုင် အမာဆုံးသော အဖွဲ့အစည်းအဖြစ် ရပ်တည်နေခြင်းဖြစ်ကြောင်း။
တပ်မတော်သားများအနေဖြင့် စည်းကမ်းလိုက်နာမှု၊ အမိန့်နာခံတတ်မှုတို့ နှင့် ပတ်သက်၍ (၇၇)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် က " ဒို့တပ်မတော်သား တစ်ဦးချင်းကအစ စည်းမျဉ်းစည်းကမ်း တွေကို လိုက်နာကာ စည်းကမ်းကောင်းတဲ့ တပ်မတော်၊ စည်းကမ်းရှိတဲ့အဖွဲ့အစည်း၊ စည်းကမ်းအရာမှာ စံနမူနာပြဖြစ်တဲ့ အဖွဲ့အစည်းအဖြစ် တပ်မတော်ရဲ့ အစဉ် အလာကောင်းတွေကို ထိန်းသိမ်းသွားကြရမှာဖြစ်တယ်။ တပ်မတော်ကောင်း တစ်ရပ်ဖြစ်ဖို့အတွက် စစ်သားကောင်းများနဲ့ ခေါင်းဆောင်ကောင်းများကို ပေါင်းစပ် ဖွဲ့စည်းထားဖို့ လိုအပ်တယ်။ စစ်သားကောင်းတစ်ယောက် ဖြစ်ဖို့အတွက် စစ်စည်းကမ်းကောင်းမွန်ဖို့ လိုအပ်ပြီး စစ်စည်းကမ်းကောင်းမွန်မှသာ အမိန့် နာခံတတ်မှုလည်း ရှိလာမှာ ဖြစ်တယ်။

 
ဒါ့ပြင် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေဖို့အတွက် အသိပညာ၊ အတတ်ပညာများ ပြည့်ဝပြီး အတွေ့အကြုံများကို အတွေးအခေါ်ကောင်းများနဲ့ ပေါင်းစပ်အသုံးချနိုင်ဖို့ ခေါင်းဆောင်မှုအင်္ဂါရပ်(၁၆)ရပ်နဲ့ ချိန်ထိုး ဆောင်ရွက်သွား ဖို့ လိုတယ်။ စစ်စည်းကမ်းကောင်းမွန်မှုနဲ့ အမိန့်နာခံတတ်မှုနှစ်ခုကို ပေါင်းစပ် ကျင့်သုံးလိုက်နာတဲ့ အခြေခံစစ်သားကောင်းများနဲ့ အတွေးအခေါ်ကောင်းမွန်တဲ့ ခေါင်းဆောင်ကောင်းများ ပေါင်းစပ်တည်ဆောက်ထားတဲ့ တပ်မတော်ဟာလည်း စွမ်းရည်ထက်မြက်တဲ့ တပ်မတော်ကောင်းတစ်ရပ်၊ ခိုင်မာမှုရှိတဲ့ အင်အားစု တစ်ခုအဖြစ် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို စွမ်းအားပြည့် ထမ်း ဆောင်နိုင်မှာဖြစ်တယ်" ဟု ပြောကြားခဲ့ကြောင်း၊ ထို့ကြောင့် ရဲဘော်တို့အနေဖြင့် စည်းကမ်းကောင်းပြီး အမိန့်နာခံတတ်မှုကောင်းသည့် ခေါင်းဆောင်ကောင်းများ ဖြစ်အောင် ကြိုးစားပြီး မိမိကွပ်ကဲရသည့်တပ်ဖွဲ့ကိုလည်း တပ်ဖွဲ့ကောင်းတစ်ရပ် ဖြစ်အောင် တည်ဆောက်သွားကြရန် အလေးအနက်ထား မှာကြားလိုကြောင်း။

 
တပ်မတော်သည် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်နှင့် စည်းရုံးရေး စွမ်းရည်ဆိုသည့် စွမ်းရည်(၃)ရပ် ပြည့်စုံနေရန် လိုအပ်ကြောင်း၊ ထိုသို့ စွမ်းရည်(၃)ရပ် ပြည့်စုံရန် တပ်တိုင်း၊ ရဲဘော်တိုင်းတွင် ရှိရမည့် အခြေခံ အရည်အချင်း (၅)ပါးဖြစ်သော စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှုနှင့် စွမ်းရည်(၃)ရပ် ပြည့်စုံမှုရှိကြရန် လိုအပ်ကြောင်း၊ ထိုစွမ်းရည်(၃)ရပ်သည် အပြန် အလှန်ချိတ်ဆက်နေပြီး အထူးသဖြင့် အုပ်ချုပ်ရေးစွမ်းရည် ပြည့်စုံကောင်းမွန် မှုမှတစ်ဆင့် စစ်ရေးစွမ်းရည်တိုးတက် အောင်မြင်ခြင်းနှင့် စည်းရုံးရေး စွမ်းရည် သည်လည်း ပိုမိုကျစ်လစ်ခိုင်မြဲလာမည် ဖြစ်ကြောင်း၊ ယနေ့အချိန်ခါတွင် ပြည်တွင်းပြည်ပလောက်ကောင်၊ သစ္စာဖောက် များသည် နိုင်ငံအပေါ် ဆရာ့ဆရာကြီးများ၏ ကိုယ်ကျိုးစီးပွားအတွက် အသွင် အမျိုးမျိုး၊ ပုံသဏ္ဍာန် အမျိုးမျိုးဖြင့် ချုပ်ကိုင်ခိုင်းစေမှုများအတိုင်း နယ်ပယ်ပေါင်းစုံ၌ တသွေမတိမ်းလိုက်နာ လှုပ်ရှားနေကြရသည့် တစ်နည်းအားဖြင့် အခိုင်းအစေဘဝများဖြင့် ဆောင်ရွက်ကြရာ အဓိကမှာ တပ်မတော်ပြိုကွဲရေးနှင့် နိုင်ငံတော်အလုံးစုံ ပျက်သုဉ်းရေး၊ ရုပ်သေး အစိုးရဖြစ်စေရေး စသည့် အကြံဆိုးများလည်း ပါဝင်နေကြောင်းကို သတိပြုကြရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်တွင်းစည်းရုံးရေးနှင့် အေးချမ်းစွာ နေထိုင်လိုပြီး နိုင်ငံ တော်၏ကျေးဇူးများကို စောင့်သိရိုသေကြသည့် ပြည်သူများ အတွက် တပ်ပြင် စည်းရုံးရေးသည်လည်း မလုပ်မဖြစ်လုပ်ကြရမည့် တပ်မတော် သားတိုင်း ဆောင် ရွက်ကြရမည့် လုပ်ငန်းတာဝန်တစ်ခုဖြစ်ကြောင်း။
ထို့ပြင် စည်းရုံးရေးစွမ်းရည်ဆိုသည်မှာ တပ်တွင်းမိသားစုများနှင့် ပြည်သူ များကိုပါ တပ်မတော်နှင့်တစ်သားတည်းဖြစ်အောင် စည်းရုံးနိုင်သည့် စွမ်းရည် ဖြစ်ကြောင်း၊ တပ်တွင်းစည်းရုံးရေး ဖော်ဆောင်ရာတွင် တပ်တည်ဆောက်ရေး လုပ်ငန်းကြီး ၄ ရပ်ဖြစ်သည့် လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာ ချောင်ချိရေး၊ စိတ်ဓာတ်တို့ဖြင့် အဓိကထား ဆောင်ရွက်သွားရမည်ဖြစ်ပြီး ဘယ်သူခွဲခွဲဒို့မကွဲ အမြဲစည်းလုံးမည် ဆိုသည့်အတိုင်း ကျစ်လစ်ခိုင်မာစွာ တည်ဆောက်ထားကြရန် လိုကြောင်း။

 
မိမိကွပ်ကဲအုပ်ချုပ်ရသည့် စစ်သည်မိသားစုများ၏ စားဝတ်နေရေးကိစ္စ ရပ်များတွင်လည်း အမှန်တကယ် သက်သာချောင်ချိမှုရရှိအောင် ရသင့် ရထိုက်၊ ခံစားခွင့်ခံစားထိုက်သည့် အခွင့်အရေးများရရှိအောင် ဖြည့်ဆည်း ဆောင်ရွက်ပေးနေခြင်းသည်လည်း တပ်တွင်းစည်းရုံးရေး ခိုင်မာအောင် လုပ် ဆောင်နေခြင်းဖြစ်ကြောင်း။

 
တပ်ပြင်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တပ်မတော်သားပီသစွာ နေထိုင်ပြုမူပြောဆိုခြင်းကစ၍ မိမိတို့ နယ်မြေဒေသအလိုက် ဖွံ့ဖြိုးရေးလုပ် ငန်းများ ဆောင်ရွက်ပေးခြင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ပြည်သူလူထုအား ဘေး အန္တရာယ်များမှ ကာကွယ်စောင့်ရှောက်ပေးခြင်းနှင့် ပြည်သူ့အကျိုးစီးပွားကို ဖော် ဆောင်ပေးခြင်း စသည်များကို ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ပြည်သူ အပေါ်ပြုကျင့်ရမည့် ကျင့်ဝတ် များနှင့်အညီ နေထိုင်ကျင့်ကြံ ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။

 
စည်းရုံးရေးစွမ်းရည် ကောင်းမွန်ခြင်းသည်လည်း အပြန်အလှန်အားဖြင့် အုပ်ချုပ်ရေးစွမ်းရည်နှင့် စစ်ရေးစွမ်းရည်ကိုပါ တိုးတက်ကောင်းမွန်စေပြီး ပေးအပ် လာသည့် မည်သည့်တာဝန်များကိုမဆို အောင်မြင်အောင် ဆောင်ရွက် နိုင်မှာဖြစ်သည့် အတွက် ရဲဘော်တို့အနေဖြင့် တပ်တွင်းတပ်ပြင် စည်းရုံးရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်သွားကြရန် အလေးအနက်ထားမှာကြားလို ကြောင်း။
နိုင်ငံတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်ကို ခိုင်ခိုင်မာမာ လျှောက် လှမ်းနိုင်ရန်အတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းနေရန်နှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရေးသည် အဓိကလိုအပ်ချက်ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကိုရှေးရှုပြီး ထာဝရငြိမ်း ချမ်းရေးရရှိအောင် ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်နှင့်အညီ ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA)ပါ သဘောတူညီချက်များအတိုင်း အလေးထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ထာဝရငြိမ်းချမ်းရေး အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက် ကျင်းပနိုင်ရေး အစဉ်တစိုက်ဆောင်ရွက်လျက်ရှိရာ ငြိမ်းချမ်းရေးခြေလှမ်းအသစ် အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် အဖွဲ့များကလွဲ၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ထာဝရငြိမ်းချမ်းရေးအတွက် မည်သည့်ကြိုတင်ကန့်သတ်ချက်မျှမပါဘဲ ဆွေးနွေးနိုင်ရန်နှင့် ကျင်းပပြီးဖြစ်သော စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားကို တက် ရောက်ကြဖို့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ကြေညာချက် အမှတ်၊ ၁/၂၀၂၂ ဖြင့် ဖိတ်ခေါ်ခဲ့ခြင်း သည် တပ်မတော်အနေဖြင့် အမှန်တကယ် ငြိမ်းချမ်းရေးကိုရရှိစေလိုသည့်စိတ်၊ တိုင်းရင်းသားညီနောင်များကို ညီရင်းအစ်ကို သဖွယ် ထားရှိသည့်စိတ်ကို ရှေးရှုပြီး ဆောင်ရွက်ခဲ့သည်ကို သိရှိထားကြရန် လိုအပ်ကြောင်း။

 
ထို့ပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရား များအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ စစ်ရေးဆိုင်ရာ လှုပ်ရှားမှု များကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ထပ်မံတိုးမြှင့် ရပ်စဲလိုက်ကြောင်း ကြေညာချက် ထုတ်ပြန် ထားရှိပြီးလည်းဖြစ်ကြောင့်၊ ဒါ့အပြင် ၂၀၂၂ ခုနှစ်ကိုလည်း နိုင်ငံတော်ဝန်ကြီးချုပ်က ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ကာ NCA လက်မှတ်ရေးထိုးပြီး လက်နက်ကိုင်အဖွဲ့အစည်းများနှင့် လက်မှတ်မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များကိုပါ အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီမှ ထာဝရငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် လျက်ရှိကြောင်း၊ ရဲဘော်တို့အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် အထောက် အကူပြုစေမည့် တာဝန်ပေးအပ်မှုမှန် သမျှကိုလည်း ကျေပွန်စွာထမ်းဆောင်ကြရန် မှာကြားလိုကြောင်း။

 
တပ်မတော်၏မွန်မြတ်သည့် အတိတ်သမိုင်းကြောင်း အစဉ်အလာနှင့် အညီ ပစ္စုပ္ပန်ရပ်တည်ချက် အမှန်တရားကို သိရှိနားလည်ပြီး ပေးအပ်လာသော တာဝန် များကို နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် ကျေပွန်အောင် ဂုဏ်သိက္ခာရှိရှိ ထမ်းဆောင် သွားရန်၊ တပ်မတော်ကို အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော်ဖြစ်အောင် အစဉ်တစိုက် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားရန်၊ လေ့ကျင့်ခြင်းသည် ကျွမ်းကျင်မှု၊ ယုံကြည်မှု၊ ကျန်းမာကြံ့ခိုင်မှုနှင့် ရဲစွမ်းသတ္တိများကို ရရှိစေမည်ဖြစ်သောကြောင့် တစ်ဦးချင်းလေ့ကျင့်မှု များအပြင် အစုအဖွဲ့လိုက်လေ့ကျင့်မှုများကိုပါ မှန်မှန်ကန်ကန် နည်းစနစ် တကျ လေ့ကျင့်ဆောင်ရွက်သွားရန်၊ ထိုးထွင်းကြံဆလုပ်ဆောင်တတ်မှု၊ တီထွင် လုပ်ကိုင်ဆောင်ရွက်တတ်မှုတို့နှင့် ပေါင်းစပ်ပြီး သင်ကြားခဲ့ရသည့် သင်ခန်းစာများကို စစ်မြေပြင်တွင် နည်းလမ်းတကျ ကျင့်သုံးဆောင်ရွက်သွားရန်၊ လက်အောက်ငယ်သား များက တပ်မှူးကောင်းသဖွယ်၊ မိဘသဖွယ် အားကိုးရသည့် ခေါင်းဆောင်ကောင်းများ ဖြစ်အောင် ခေါင်းဆောင်မှု အင်္ဂါရပ် (၁၆)ရပ်နှင့်အညီ လိုက်နာဆောင်ရွက်သွားရန်၊ ခေါင်းဆောင်မှုအရည်အသွေးကို စဉ်ဆက်မပြတ် တိုးတက်အောင် တည်ဆောက်ကာ တာဝန်ကိုသိပြီး တာဝန်ကျေပွန်သည့် ခေါင်းဆောင်၊ အခက်အခဲနှင့် ပြဿနာများအပေါ် စွန့်လွှတ်စွန့်စားစိတ်ဖြင့် တာဝန်ယူဖြေရှင်းနိုင်သည့် ခေါင်းဆောင်များဖြစ်အောင် ကြိုးစားဆောင်ရွက် သွားရန်၊ နိုင်ငံတော်နှင့် တပ်မတော်က ချမှတ်ပြဋ္ဌာန်းထားသည့် စည်းကမ်း ဥပဒေများကို လေးစားလိုက်နာပြီး "စည်းကမ်းကောင်းသောတပ်မတော် ဖြစ်သည်" ဆိုသည့်တပ်မတော်၏အစဉ်အလာကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက် သွားရန်၊ တပ်မတော်၏စွမ်းရည်သုံးရပ် တိုးတက်မြင့်မားစေရန် တပ်တွင်း/တပ်ပြင် စည်းရုံးရေးကို ခိုင်မာသည်ထက်ခိုင်မာအောင် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးစား တည်ဆောက်သွားကြရန် မှာကြားခဲ့ကြောင်း။

 
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြု ခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှပြန်လည်ထွက်ခွာသွားသည်။
စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဉက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း သည် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး တို့နှင့်အတူ ရိပ်သာခန်းမ၌ ထူးချွန်ဆုရ ဗိုလ်လောင်းများအား တွေ့ဆုံ၍ ဂုဏ်ပြု အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။