တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင်အလှူငွေများပေးအပ်လှူဒါန်းခြင်းနှင့် ကျန်းမာ ရေးစစ်ဆေးပေးခြင်းများဆောင်ရွက်

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင်အလှူငွေများပေးအပ်လှူဒါန်းခြင်းနှင့် ကျန်းမာ ရေးစစ်ဆေးပေးခြင်းများဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ - ၁၂      

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များ၊ သာသနာ နွယ်ဝင်သီလရှင်စာသင်တိုက်များနှင့် ပျဉ်းမနားမြို့ ဘိုးဘွားရိပ်သာသို့ တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင် ပြည်သူများမှ စုပေါင်းလှူဒါန်းသည့် အလှူငွေ ၁၂၂၇၆၀၀၀ ကျပ်၊ ဆန် ၆၇၂ အိတ်၊ ဆီ ၂၀၁ ဒသမ ၆၀ ပိဿာ၊ ပဲ ၂၀၁၆ ပိဿာ၊ ဆား ၂၀၁၆ ပိဿာ၊ လက်သန့် ဆေးရည် ၄၆၀၅ ဘူးနှင့် ဆေးမျိုးစုံ ၁၁၉၄ ဘူးတို့ကို နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အဖွဲ့ဝင်များက မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက်သို့သွားရောက်၍ ဆရာတော် ဘဒ္ဒန္တစန္ဒော ဘာသ အမှူးပြုသော သံဃာတော်များထံဆက်ကပ်လှူဒါန်းသည်။ ထို့နောက် နယ်မြေခံ တပ်မတော်သားများက သက်ဆိုင်ရာဘုန်းတော်ကြီးကျောင်းများအသီးသီးသို့ လိုက်လံ ပို့ဆောင်၍ ဆက်ကပ်လှူဒါန်းပေးသည်။   

ထို့အပြင် ယနေ့တွင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့ရှိ ဓမ္မရက္ခိတခြံကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ရှမ်းကုန်းကျေးရွာရှိ ရှမ်းကုန်းပရိယတ္တိ စာသင်တိုက်နှင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ရွှေမဂ္ဂင်စာသင် တိုက်တို့မှ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအထောက် အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူး များနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းကြသည်။

၎င်းအပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မဟာမုနိန္ဒာရမကျောင်း တိုက်၊ မင်္ဂလာဉာဏိကာရမနားဆောက်ဥယျာဉ်ကျောင်းတိုက်၊ ပါရမီကျောင်းတိုက်နှင့် သာသနရံသီ သီလရှင်စာသင်တိုက်တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ နွယ်ဝင်သီလရှင်များအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးအဖွဲ့များက မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ ယနေ့နံနက် ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။