တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင်အလှူငွေများပေးအပ်လှူဒါန်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများဆောင်ရွက်

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင်အလှူငွေများပေးအပ်လှူဒါန်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ - ၂၄
    
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များ၊ ဘိုးဘွားရိပ်သာများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း ခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်ရှိ ရွှေအင်းရိပ်သာကျောင်းတိုက်၊ ပိန်းတောတောင်ကျောင်းတိုက်၊ ရွေးစုမြောက်ကျောင်းတိုက်၊ ညောင်လွန့်တောရကျောင်းတိုက်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ ကျိုင်းယင်းဘုန်းကြီးကျောင်း၊ ကောင်းမှူးခမ်း ဘုန်းကြီးကျောင်း၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်၊ ထောက်ကြံ(မြောက်ပိုင်း)ရပ်ကွက်ရှိ ရသေ့တောင်ကျောင်းတိုက်၊ သန်လျင်မြို့နယ်၊ အလွမ်းဆွတ်ကျေးရွာရှိ သာသနာ့ရောင်ခြည်ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့ရှိ ဇေတဝန်ကျောင်းသစ်ဓမ္မရိပ်သာကျောင်းတိုက်နှင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ မဟာကုသိုလ်တော်ကျောင်းတိုက်တို့မှ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နဝကမ္မ အလှူငွေများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြသည်။

ထို့အပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ ကျိုင်းယင်းဘုန်းကြီး ကျောင်း၊ ကောင်းမှူးခမ်းဘုန်းကြီးကျောင်းနှင့် ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတို့မှ သံဃာတော်များအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မှ ဆေးအဖွဲ့က လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။

၎င်းအပြင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့ ရှင်စောမြတ်စေတီတော် မြတ်ကြီး၌ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ကြသည့် ဆရာတော်သံဃာတော် များအား အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များက ယနေ့နေ့လယ်ပိုင်းတွင် သွားရောက်၍ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။