တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင် အလှူငွေများ ပေးအပ်လှူဒါန်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများဆောင်ရွက်

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင် အလှူငွေများ ပေးအပ်လှူဒါန်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ - ၂၅

    ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များ၊ ဘိုးဘွားရိပ်သာများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း ခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်း မြို့နယ်ရှိ ဂိုဏ်းထောက် ပရိယတ္တိစာသင်တိုက်၊ ကင်ပွန်းတန်းတောရ ကျောင်းတိုက်၊ ဇေတဝန်ပရိယတ္တိ စာသင်တိုက်၊ ရွှေမြို့ကြီးဂိုဏ်းထောက် ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာရှိ မြသိန်းတန်ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ သမဂ္ဂရာမကျောင်းတိုက်နှင့် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့ရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ၊ နဝကမ္မ အလှူငွေများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်း ကြသည်။

ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့ရှိ သမိုင်းဝင်ဘော်ကြို ဘုရားကြီး၌ ဗိမ္မာန်တော်တည်ဆောက်ရန်အတွက် အရှေ့မြောက်တိုင်း စစ်ဌနာချုပ်မှ လှူဒါန်းသော အလှူငွေကျပ် ၃၅ သိန်းကို ယနေ့နံနက်ပိုင်းတွင် သီပေါမြို့၊ နယ်မြေခံ တပ်မတော်သားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက အဆိုပါဘုရားကြီးသို့ သွားရောက် လှူဒါန်းပြီး အောင်မင်္ဂလာဘိုးတော် ကျောင်းတိုက်မှ သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။