တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ်ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာ နှစ်သိန်းနှစ်သောင်းကျော် ကုသပေးနိုင်ခဲ့

နေပြည်တော်၊ မေ - ၂၈

တပ်မတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ အနက် ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့်ဆေးကုသရေး အဖွဲ့များစုစည်း၍ ဒေသခံပြည်သူများလူထုအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့် လူနာများအား ခွဲစိတ်ကုသပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက် ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေးဆိုင်ရာကုသမှုများ ဆောင်ရွက် ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံ များနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့ည မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၂၄၂၃၃ ဦးနှင့် အတွင်းလူနာပေါင်း ၆၇၆၁၃ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။

၎င်းလူနာများအနက် အကြီးစား ခွဲစိတ်ကုသရန်လိုအပ်သူ ၁၀၄၈၂ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၅၃၅၇ ဦး၊ စုစုပေါင်း ၁၅၈၃၉ ဦးတို့ကို ခွဲစိတ် ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူး များဖြင့် အထူးကြပ်မတ်ကုသပေးလျက်ရှိသည်။ ထို့ပြင်ကလေးမီးဖွားလူနာ ၅၃၆၅ ဦးကို ခွဲစိတ်၍လည်းကောင်း၊ ၇၈၄၁ ဦးကို သာမန်ဖြင့်လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်း ကြောင့် ယနေ့အထိကလေးငယ် ၁၃၂၀၆ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး ဆက်လက်၍လည်း တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ မြင့်မားရန်အတွက် အရှိန်အဟုန်ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆးကုသမှုခံယူနေသာ ဒေသခံပြည်သူများ၊ အရာရှိ၊စစ်သည်၊ မိသားစု ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့်အဖွဲ့ဝင်များက လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော သံဃာတော်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များက လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နှင့် ပြည်မြို့တို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ များတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများ နှင့် ဒေသခံပြည်သူများအား တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် တာဝန်ရှိသူများက လည်းကောင်း အသီးသီးသွားရောက် ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။