တပ်မတော်သားတိုင်း တစ်ဦးချင်းစွမ်းရည်တိုးတက်စေရန်အတွက် ကျန်းမာ၊ ကြံ့ခိုင်၊ ကျွမ်းကျင်မှုရှိအောင်လေ့ကျင့်နေရမည်ဖြစ်ပြီး စစ်စည်းကမ်းနှင့် အမိန့်နာခံမှု ကောင်းမွန်ရမည်ဖြစ်

နေပြည်တော် မေ ၁၇

တပ်မတော်၏ အဓိကတာဝန်မှာ နိုင်ငံတော်ကာကွယ်ရန်ဖြစ်ပြီး တပ်မတော် သားတိုင်း၏ စွမ်းရည်တိုးတက်မြင့်မားစေရေးအတွက် အတန်းပညာ၊ အတတ်ပညာ များနှင့် ရာထူးအဆင့်နှင့်လျော်ညီသည့် လေ့ကျင့်မှုများကို သင်တန်းကျောင်း အသီးသီးတွင်လေ့ကျင့်သင်ကြား ပေးလျက်ရှိကြောင်းနှင့် မိမိတို့တစ်ဦးချင်း၏ တာဝန်များကို ထမ်းဆောင်ရာတွင် စစ်သားကောင်းပီသစွာဖြင့် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြရန်လိုအပ်ကြောင်းဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲ ပိုင်းတွင် သပိတ်ကျင်းတပ်နယ်မှ အရာရှိ၊ စစ်သည်များနှင့် နယ်မြေခံတပ်မတော် တန်းမြင့်သင်တန်းကျောင်းမှ သင်တန်းသားများအား တွေ့ဆုံအမှာစကား ပြောကြား စဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် သပိတ်ကျင်းတပ်နယ်မှ အရာရှိ၊ စစ်သည်များ တက်ရောက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အမှာစကားပြောကြားရာတွင် တပ်မတော်တွင် လေ့ကျင့်ရေးပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ စစ်သည်တစ်ဦးချင်းစီ၏ စွမ်းရည်မြှင့်တင်ပေးရန်၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အရည်အချင်းပြည့်ဝစွာထမ်းဆောင်နိုင်စေရေး ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်သင်ကြားပေး နေရခြင်းဖြစ်ကြောင်း၊ တပ်မတော်တန်းမြင့်သင်တန်း ကျောင်းများသည် စစ်သည်များ၏ တစ်ဦးချင်းစွမ်းရည်နှင့် အဖွဲ့လိုက်စွမ်းရည် များကို မြှင့်တင်ပေးနေသည့် ကျောင်းများပင်ဖြစ်ကြောင်း၊ သင်တန်းများတက်ရောက်နေစဉ် အတွင်း သင်ကြားပေးသည့် ပညာရပ်များကို စနစ်တကျလေ့ကျင့်သင်ယူထားရှိ မှသာလျင် မြေပြင်လက်တွေ့အခြေအနေ၌ မှန်မှန်ကန်ကန်ဖြင့် ပြန်လည်အသုံးချ နိုင်မည်ဖြစ်ကြောင်း၊ စစ်မြေပြင် တာဝန်ထမ်းဆောင်ရာတွင် ကြံ့ခိုင်မှု မပြည့်ဝပါက တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နိုင်မည်မဟုတ်၍ တစ်ဦးချင်း လေ့ကျင့်မှု များနှင့် အဖွဲ့လိုက်လေ့ကျင့်မှုများကို မှန်မှန်ကန်ကန် လေ့ကျင့်ကာ တပ်မတော်သားတစ်ဦးတွင် ရှိသင့်ရှိထိုက်သည့် ကျန်းမာကြံ့ခိုင် သန်စွမ်းမှုများ ရှိနေရန်လိုကြောင်း။

အရည်အချင်းပြည့်ဝသည့် စစ်သည်များနှင့် အရည်အချင်းပြည့်ဝသည့် တပ်များဖြစ်စေရေးအတွက် မှာကြားရာတွင် တပ်မတော်သားတိုင်းသည် နိုင်ငံ တော်နှင့် ပြည်သူကို ကာကွယ်မည်ဟူသည့် မွန်မြတ်သည့်စိတ်ဆန္ဒဖြင့် တပ်မတော်သို့ မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မှမပါရှိဘဲ Volunteer ဝင်ရောက် အမှုထမ်းကြသူများဖြစ်ကြောင်း၊ သင်တန်းကျောင်းများမှ သင်ကြားပေးလိုက်သည့် ပညာရပ်များသည် သဘောသဘာဝကို သင်ကြားပြသ ပေးလိုက်ခြင်းသာ ဖြစ်သဖြင့် မြေပြင်လက်တွေ့ကြုံတွေ့လာရသည့် အခက်အခဲများကို မိမိတို့၏ ထိုးထွင်းကြံဆမှုနှင့် လိုက်ရောညီထွေဖြစ်အောင် လုပ်ဆောင် ကြရမည် ဖြစ်ကြောင်း၊ ကြုံတွေ့လာရသည့် အခက်အခဲများကို ဆန်းစစ်ပြီး တွေးခေါ်မြှော်မြင်မှုဖြင့် ကျော်ဖြတ်နိုင်ရေးအတွက် ဉာဏ်ပညာကို အသုံးချနိုင်ရန်လိုအပ်ကြောင်း၊ ထိုသို့အသုံးချနိုင်ရေးအတွက် အသိပညာနှင့် ပြည်စုံရန်လိုအပ်သည့်အတွက် မိမိတို့၏ အားလပ်ချိန်များတွင် အကျိုး ရှိစေမည့် စာအုပ်စာပေများကို ဖတ်မှတ်ကြရန်လိုကြောင်း၊ စည်းကမ်းသည် တပ်မတော်၏ ကျောရိုးဖြစ်သည့်အတွက် အသေးအဖွဲကအစ စည်းကမ်းလိုက်နာရမည် ဖြစ်ကာ မိမိတို့တစ်ဦးချင်းနှင့် တပ်များစွမ်းရည်မြင့်မားရေးအတွက် ထုတ်ပြန်ထား သည့် စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် မှန်မှန်ကန်ကန်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည် ဖြစ်သည့်အတွက် စစ်သည်တစ်ဦးချင်းအနေဖြင့် တပ်မတော်သားတစ်ဦးတွင်ရှိသင့် ရှိထိုက်သည့် ကျန်းမာကြံ့ခိုင်မှုရှိရန်နှင့် ပင်ပန်းဆင်းရဲမှုများကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ကြရမည်ဖြစ်ကြောင်း။

လက်ရှိ မိမိတို့နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့် ပတ်သက်၍ ပြောကြားရာတွင် တပ်မတော်အနေဖြင့် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး အခြေအနေများအရ ယာယီသမ္မတ၏ တာဝန်ပေးအပ်မှုနှင့်အညီ နိုင်ငံတော်၏ တာဝန်များလွှဲပြောင်းတာဝန်ယူထမ်းဆောင်ခဲ့ရကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် ကြီးမားသည့် မဲမသမာမှု များကို ဖြေရှင်းဆောင်ရွက်ပေးရန် တပ်မတော်က တာဝန်ရှိသူများထံသို့ ဥပဒေ နှင့်အညီ တင်ပြတောင်းဆိုခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသည့် အပြင် နိုင်ငံတော် ၏အာဏာကို အတင်းအဓမ္မရယူရန်အထိ ကြိုးပမ်းလာသည့်အတွက် ယခုအခြေအနေ ထိ ရောက်ရှိခဲ့ရခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို လိုအပ်ချက်အရခေတ္တတာဝန်ယူထိန်းသိမ်း ဆောင်ရွက်နေခြင်းသာ ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ ထိန်းသိမ်းဆောင်ရွက် နေသည်ကို နားလည် သဘောပေါက်ကြရန်လိုကြောင်း၊ နိုင်ငံအတွင်းရှိ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန် ထားသည့် မြို့နယ် ၇ မြို့နယ်မှအပ အခြားမြို့နယ်များကို အရပ်ဘက်အုပ်ချုပ်ရေး စနစ်ဖြင့် ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး အစိုးရအုပ်ချုပ်ရေးယန္တရားပုံမှန်အတိုင်း လည်ပတ်သွားလာလျက်ရှိသဖြင့် မိမိတို့ကျရာ တာဝန်များအလိုက် ကျေပွန်စွာ ထိန်းသိမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်း၊ ပြည်သူ၏ အစိတ်အပိုင်းဖြစ်သည့်အတွက် စစ်သားကောင်း ပီသစွာဖြင့် နေထိုင်လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်ကာ တိုင်းပြည်အကျိုး၊ ပြည်သူ့အကျိုး အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်ကြရ မည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တာဝန် ရှိသူတစ်ဦးက လက်ခံရယူသည်။

              ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်များနှင့် သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ လိုအပ်သည်များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။