တရားမဝင်သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင်သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  မေ  ၆

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ  မေလ ၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၂)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် တရုတ်နိုင်ငံထုတ် Owen Energy Saving Lamp  မီးအိမ် (၈၆၀၅)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၄၉၆၃၃၆)ကို လည်းကောင်း၊ အေးရှားဝေါလ် ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၁)လုံး အတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် တရုတ်နိုင်ငံထုတ် Vinyl Sheet  (၂၇၄၅)ကီလိုဂရမ်အပါအဝင် ကုန်ပစ္စည်း (၂)မျိုး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၇၄၆၉၄၀)ကို လည်းကောင်း၊  စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၂၄၃၂၇၆)ကို ဖမ်းဆီးရမိခဲ့ပြီး    အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

ထို့ပြင်  မေလ ၃ ရက်နှင့် ၄ ရက်တို့တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်တို့၌ တရားမဝင် အခြားသစ် (၁၀၂ ဒသမ ၆၄၀)တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၆၃၇၈၈၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

ထို့ပြင်  မေလ ၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး   တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် စစ်ကိုင်းမြို့၊ ရတနာပုံ တံတားပူးပေါင်းစစ်ဆေးရေး ဂိတ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် ကြက်သွန်ဖြူ (၁၅၀၀၀)ပိဿာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀၀)နှင့် လိုင်စင်မဲ့  Honda Fit မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀)ကို လည်းကောင်း၊ ကလေးမြို့၊ ပင်လုံလမ်းမအနီး၌ လိုင်စင်မဲ့  JEEP  မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ်၆၅၀၀၀၀၀)ကို လည်းကောင်း၊  စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၅၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင်   မေလ ၄ ရက်တွင်  ရန်ကုန်တိုင်းဒေသကြီး   တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ရွာသာကြီး  Dry Port ၌ မန္တလေးမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသောမော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့်ကိုရီးယားနိုင်ငံထုတ် ကျောပိုးအိတ်(၁၅၀၀)လုံး အပါအဝင်  ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၁၈၆၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်  Hino Truck (၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၁၈၆၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင်   မေလ  ၄ ရက်တွင်  ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် အမိုနီယမ်နိုက်ထရိတ် (၁၃၅၅၅)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅၅၅၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မေလ ၄ ရက်တွင် ချင်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ရာတွင် ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ MPTရုံးအနီး၌ လိုင်စင်မဲ့  Toyota Wish  မော်တော်ယာဉ်(၁)စီး   (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မေလ ၅ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် လားရှိုးမြို့၊ သိန္နီလမ်း၊ ကန်မိန်းကျောင်းတိုက်အနီး၌ သိန္နီမြို့မှ လားရှိုးမြို့သို့ မောင်းနှင်လာသော  မော်တော်ယာဉ်(၃) စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် ကျင်းထုံခြင်နိုင်ဆေးခွေ(၂၁၀၀၀)ဘူး၊  DAN NI  YA Fish Beer  (၁၉၂၀၀)ဘူးအပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၃၀၀၀၀၀)နှင့်  အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်  Lifan Dump Truck (၃)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)၊ စုစုပေါင်း  (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၃၀၀၀၀၀)ကို   ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ    အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 သို့ဖြစ်ပါ၍ မေလ ၃ ရက်၊ ၄ ရက်နှင့် ၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၂)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်၂၂၃၄၂၂၁၆၂)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။