တရုတ်က ဆီနိုဗက်ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကလေးများတွင်ထိုးနှံခွင့်ပြု

ပေကျင်း၊ ကျန်းမာရေး

တရုတ်ကျန်းမာရေးတာဝန်ရှိသူများသည် ဆီနိုဗက်ဘိုင်အိုတက်ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အသက် ၃ နှစ်နှင့် ၁၇ နှစ်ကြားရှိ ကလေးများတွင် ထိုးနှံရန်ခွင့်ပြုလိုက်ကြောင်း ကုမ္ပဏီဥက္ကဋ္ဌက ဇွန် ၄ ရက်နှောင်းပိုင်းတွင် ပြောသည်။

တရုတ်အစိုးရသည်  တစ်နိုင်ငံလုံးကို ကာကွယ်ဆေးထိုးပေးနေပြီး ဇွန် ၃ ရက်အထိ ဆေးအလုံးပေါင်း ၇၂၃ သန်းခွဲ ထိုးပေးပြီးဖြစ်သော် လည်း ကာကွယ်ဆေးထိုးခွင့်ရသူများမှာ အသက် ၁၈ နှစ်အထက်များသာဖြစ်သည်။

ယခုမှ ပထမဆုံးအကြိမ်အဖြစ် ကလေးငယ်များတွင်ကာကွယ်ဆေးထိုးခွင့်ပေးခြင်းဖြစ်သည်။ သို့သော် မည်သည့်အချိန်တွင် ထိုးရမည် ဆိုသည်ကို ကျန်းမာရေးတာဝန်ရှိသူများက ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီဥက္ကဋ္ဌ ယင်ဝေတုန်ကပြောသည်။

လက်တွေ့စမ်းသပ်မှုအဆင့် ၁ နှင့် အဆင့် ၂ တို့တွင် အသက် ၃ နှစ်မှ ၁၇ နှစ်ကြားရှိကလေးငယ်များပါဝင်ပြီး ၎င်းတို့အားလုံးတွင် ကိုယ်ခံအားတုံ့ပြန်မှုကိုဖြစ်ပေါ်စေကြောင်းတွေ့ရှိကာ ကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးများမှာလည်း အလွန်နည်းပါးကြောင်း  ကနဦးရလဒ်များတွင် ဖော်ပြထားသည်။

လက်တွေ့စမ်းသပ်မှုတွင်ပါဝင်သူများကို ကာကွယ်ဆေးနှစ်လုံးစလုံးထိုးပေးပြီးနောက် အားမြှင့်သည့်အနေဖြင့် တတိယတစ်လုံးကို ထိုးပေးရာ သီတင်းပတ်တစ်ပတ်အတွင်း ပဋိပစ္စည်းဖြစ်ပေါ်မှုက ၁၀ ဆမြင့်တက်လာပြီး လဝက်အတွင်း အဆ ၂၀ အထိမြင့်တက် လာသည်ကိုတွေ့ရကြောင်း ဥက္ကဋ္ဌယင်ဝေတုန်က ပြောသည်ဟု သိရသည်။

Ref: TST