တရုတ်က ပိုင်နက်ရေပြင်အတွင်းဝင်လာသည့် ပြည်ပသင်္ဘောများကို ပစ်ခတ်ခွင့်ပြုသည့်ဥပဒေပြဋ္ဌာန်း

ပေကျင်း၊ နိုင်ငံရေး

တရုတ်အစိုးရက ၎င်းတို့၏ပိုင်နက်ရေပြင်အတွင်းဝင်လာသည့် ပြည်ပသင်္ဘောများကို ပစ်ခတ်ခွင့်ပြုသည့် ဥပဒေပြဋ္ဌာန်း လိုက်ကြောင်းသိရသည်။ နိုင်ငံ၏အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့်    ရေကြောင်းသွား လာခွင့်များကို ကာကွယ်ပေးရန်ရည်ရွယ်၍ ယင်းဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ကြောင်းနှင့် ထိုဥပဒေသည် ဖေဖော်ဝါရီ ၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း   Xinhua သတင်းဌာနက ထုတ်ပြန်ထားသည်။

အဆိုပါဥပဒေပြဋ္ဌာန်းချက်အရ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် ပြည်ပသင်္ဘောများ၏ ခြိမ်းခြောက်မှုများကို ရပ်တန့်ရန် လက်နက်များအသုံးပြုခွင့်အပါအဝင် နည်းလမ်းများအားလုံးကို   လုပ်ဆောင်ခွင့်ရမည်ဖြစ်သည်။ ထို့ပြင်  ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များသည် တရုတ်နိုင်ငံကစီရင်ပိုင်ခွင့်ရှိ သည့် ပိုင်နက်ရေပြင်အတွင်းဝင်လာသော ပြည်ပသင်္ဘောများအပေါ် တက်ရောက်စစ်ဆေးမှုများလည်း လုပ်ဆောင်ခွင့်ရရှိမည်ဖြစ်သည်။

အဆိုပါဥပဒေသည် ဒေသတွင်းအငြင်းပွားမှုများကိုပိုဆိုးလာစေသော်လည်း ယခုကဲ့သို့ဥပဒေပြဋ္ဌာန်းခြင်း သည်    နိုင်ငံ၏ အမျိုးသားပြည်သူ့လွှတ်တော်မှ သာမန်ဥပဒေပြဋ္ဌာန်းရေးလုပ်ငန်းစဉ်သာဖြစ်ပြီး တရုတ် အစိုးရအနေဖြင့် ကတိပေးထား သည့်အတိုင်း ဒေသတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ဆက်လက် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ ဟွာချွန်ယင်းက ပုံမှန် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့်    ပစိဖိတ်ဒေသအတွင်း၎င်းတို့၏တည်ရှိမှုကို    ချဲ့ထွင်ရန် ကြိုးပမ်းနေကြောင်း အမျိုးသားလုံခြုံရေးအကြံပေးဟောင်း ရောဘတ်အိုဘရိုင်ယန်က ပြောထားသည့် အတွက်    တရုတ်အစိုးရ၏ယခုဥပဒေကြောင့် နှစ်နိုင်ငံကြားတင်းမာမှုများ မြင့်တက်လာနိုင်ကြောင်း သိရသည်။