တရုတ်က ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ စွမ်းအားပြင်း ဆုံလည်သေနတ်ကို ဖန်တီးနေ

တရုတ်နိုင်ငံက   ကမ္ဘာ့သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ စွမ်းအားပြင်း ဆုံလည်သေနတ် တစ်မျိုးကို ဖန်တီးနေတယ်လို့ ဆိုပါတယ်။

အဲဒီဆုံလည်သေနတ်က သာမန်ဆုံလည် သေနတ်တွေလို ပြောင်းခုနစ်လုံး၊ ၁၁ လုံး စတာတွေထက်ပိုပြီး  ပြောင်းအလုံးပေါင်း ၂ဝ အထိ ပါဝင်မှာဖြစ်တာကြောင့် အလွန်ကိုထူးခြားလှပါတယ်။

အထူးသဖြင့်တော့   အဲဒီလိုဆုံလည်သေနတ်ကို တီထွင်ရခြင်းဟာ မြင့်မားလာတဲ့ ဒရုန်းအုပ်ဖွဲ့ ပျံသန်းမှုရဲ့ ခြိမ်းခြောက်မှုကို တုံ့ပြန်ဖို့ဖြစ်ပါတယ်။

အခုခေတ်မှာ ကုန်ကျစရိတ်ကြီးမားပြီး ပစ်မှတ်ကို ထိမှန်ဖို့မသေချာတဲ့  ဒုံးကျည်တွေထက် ကုန်ကျစရိတ် သက်သာပြီး ထိန်းချုပ်ရခက်ခဲတဲ့ ဒရုန်းအုပ်တွေနဲ့ တိုက်ခိုက်မှုတွေ လုပ်လာတာကို မကြာခဏ မြင်တွေ့နေရပါတယ်။

ဒါကြောင့် တရုတ်စစ်ဘက်က ဒါဇင်ပေါင်း များစွာသော ဒါမှမဟုတ် ရာပေါင်းများစွာသော ဒရုန်းတွေရဲ့ အုပ်ဖွဲ့ပျံသန်း တိုက်ခိုက်မှုကို ဟန့်တားချေမှုန်းနိုင်စေဖို့ အခုလိုစွမ်းအားပြင်းတဲ့ ဆုံလည်သေနတ်ကို တီထွင်နေတာဖြစ်ပါတယ်။

ရုရှားကာကွယ်ရေး   ပစ္စည်းဆိုင်ရာ ဘလော့ဂါတစ်ဦးဖြစ်တဲ့ ယူရီလိုင်ယာမင်းက တရုတ်နိုင်ငံမှာ စမ်းသပ်နေဆဲဖြစ်တဲ့ ပြောင်းအလုံး ၂ဝ ပါဆုံလည်သေနတ်ရဲ့ဓာတ်ပုံတွေကို တွစ်တာပေါ် တင်လိုက်ခြင်းကြောင့် တရုတ်စစ်ဘက် အနေနဲ့  ဒီလိုသေနတ်ကိုဖန်တီးနေတယ်ဆိုတာ သိရတာပါ။

ဆုံလည်သေနတ်တွေကို ၁၈၆၁ ခုနှစ်မှာ စတင်တီထွင် အသုံးပြုခဲ့တာပါ။   သူ့မှာ သေနတ်ပြောင်းများစွာ ပါဝင်ပါတယ်။ ပစ်ခတ်နေစဉ် အတွင်းမှာပဲ သေနတ်ပြောင်းတွေက တစ်ခုပြီးတစ်ခု လှည့်သွားတဲ့အတွက် သေနတ်ပြောင်းတွေ အပူမလွန်စေဘဲ  ပစ်အားကို မြှင့်တင်နိုင်စွမ်း ရှိပါတယ်။

ဒီကနေ့ခေတ်သစ် ဆုံလည်သေနတ်တွေရဲ့ ပစ်အားဟာဆိုရင် တစ်မိနစ်ကို ကျည်ဆန်အတောင့်ရေ ၆ဝဝဝ အထိ ပစ်ခတ်နိုင်တဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်လာပါပြီ။

ဆုံလည်သေနတ်ကို အသုံးပြုခြင်းကြောင့် ပစ်မှတ်တစ်ခုတည်းကို ကျည်အတောင့်ရေများစွာနဲ့ စုပြုံပစ်ခတ်နိုင်ပါတယ်။  ရဟတ်ယာဉ်မှာ တပ်ထားတဲ့   ဆုံလည်သေနတ်ဆိုရင်  ရန်သူရဲ့ ခံစစ်ကို  ဦးနှိမ်ထားနိုင်ပါတယ်။

တစ်စက္ကန့်မျှသော အချိန်တိုအတွင်းမှာ  ရာနဲ့ချီတဲ့ကျည်ဆန်တွေ စုပြုံထွက်သွားတဲ့ အတွက် ကျယ်ပြန်တဲ့ ခံစစ်နယ်မြေတစ်ခုကို ဦးနှိမ်ဖို့ဆိုရင် သမားရိုးကျ စက်သေနတ်ထက်  ဆုံလည်သေနတ်တွေက  ပိုပြီး ထိရောက်မှုရှိပါတယ်။

ရေတပ်မှာဆိုရင်လည်း  အနိမ့်ပျံနဲ့ ဝင်ရောက်လာတဲ့ လေယာဉ်တွေ၊ အနိမ့်ပျံ ဒုံးကျည်တွေကို ပစ်ချနိုင်ဖို့အတွက် စစ်ရေယာဉ်တွေမှာ   ဆုံလည်သေနတ်တွေကို တပ်ဆင်ထားပါတယ်။

ဆုံလည်သေနတ် အများစုက ပြောင်းခြောက်လုံး ဒါမှမဟုတ် ခုနစ်လုံးရှိပါတယ်။

တချို့ဆုံလည်သေနတ်တွေကတော့ ပြောင်း ၁၁ လုံးအထိ ပါဝင်ပါတယ်။

ဒါပေမဲ့ ပြောင်းအလုံးပေါင်း ၂ဝ အထိ ပါဝင်တဲ့   ဆုံလည်သေနတ်မျိုးကိုတော့ တော်တော်များများက  စဉ်းစားကြမှာ မဟုတ်ပါဘူး။

တရုတ်ကတော့ လူတော်တော်များများ မစဉ်းစားမိတာကို စဉ်းစားပြီး ပြောင်းအလုံး ၂ဝ အထိပါဝင်တဲ့  ဆုံလည်သေနတ်ကို ဖန်တီးလိုက်ပါပြီ။

တစ်ခုရှိတာက သမားရိုးကျ ဆုံလည်သေနတ်တွေက တစ်ကြိမ်မှာ ပြောင်းတစ်လုံးကနေ  ကျည်ဆန်တစ်တောင့်သာ ထွက် ပေမယ့် တရုတ်ရဲ့ဆုံလည်သေနတ်အသစ် ကတော့ တစ်ကြိမ်မှာ ပြောင်းနှစ်လုံးကနေ ကျည်ဆန်နှစ်တောင့်    ထွက်ဖွယ်ရှိပါတယ်။

အခုလိုအသစ်ဖန်တီးထားတဲ့ ဆုံလည်သေနတ်ကိုတော့  လေယာဉ်ကွင်းများ၊ သင်္ဘောဆိပ်များ၊ ဌာနချုပ်များ၊ ထောက်ပံ့ ရေးစခန်းများနဲ့   အရေးကြီးတဲ့ စစ်ဘက် ပစ်မှတ်တွေကို ကာကွယ်ရာမှာ  အသုံးပြုသွားမယ်လို့ ယူဆရပါတယ်။